မန်ယူအသင်းမှ ထွက်ခွာခဲ့သည့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်စ်အသင်းက ခေါ်ယူရန် သဘောတူညီမှုရရှိ

မန်ယူအသင်းမှ ထွက်ခွာခဲ့သည့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်စ်အသင်းက ခေါ်ယူရန် သဘောတူညီမှုရရှိ

ဂျူဗင်တပ်စ်အသင်းက မန်ယူအသင်းနှင့် လမ်းခွဲခဲ့သည့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီး ဇူလိုင်လဆန်းပိုင်းတွင် ဂျူဗင်တပ်စ်အသင်းနှင့်  လာရောက် ပူးပေါင်းကာ အပြီးသတ်လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ် ပေါ့ဂ်ဘာသည် မန်ယူအသင်း အကယ်ဒမီမှ ပေါ်ထွက်ခဲ့သည့် ကစားသမား တစ်ဦးဖြစ်ပြီး  မန်ယူအသင်းကို  နည်းပြ ဖာဂူဆန် တာဝန်ယူ ကိုင်တွယ်ခဲ့စဉ်  ၂၀၁၂ ခုနှစ်က  စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက်  ဂျူဗင်တပ်စ်အသင်း သို့  အလွတ်ပြောင်းရွှေ့ကြေးဖြင့်  ပထမတစ်ကြိမ် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ပေါ့ဂ်ဘာသည် ဂျူဗင်တပ်စ်အသင်းနှင့်  ငါးနှစ် ကြာကစားပြီး   ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်က မန်ယူအသင်းသို့ စံချိန်တင်ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်သည့်  ယူရို သန်း ၁၀၀ ဖြင့် ပြန်လည်ပြောင်းရွှေ့ ကစားခဲ့သူဖြစ်သည်။

ပေါ့ဂ်ဘာသည် မန်ယူအသင်းသို့ ပြောင်းရွှေ့ကစား ပြီးနောက်  ပြီးခဲ့သည့်ဘောလုံး ရာသီအစပိုင်းက ခြေစွမ်းပြနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒဏ်ရာ ပြဿနာများကြောင့် ပုံမှန်ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။

အစောပိုင်းက မန်ယူအသင်းက သက်တမ်းတိုး စာချုပ်အတွက် လုပ်ခလစာတိုးမြှင့်ပြီး ကမ်းလှမ်းခဲ့ သော်လည်း ၎င်းကိုယ်တိုင်က  အသင်းမှ  ထွက်ခွာရန်သာ   ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။   ပေါ့ဂ်ဘာကို အစောပိုင်းက  မန်ယူအသင်း၏  မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက ခေါ်ယူရန် တရားဝင်ကမ်းလှမ်း မှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းကိုယ်တိုင်က ဂျူဗင်တပ်စ်အသင်းကိုသာ   ရွေးချယ်ခဲ့ကြောင်း  သိရသည်။