ငလျင်လှုပ်ခတ်မှုတွင် ပျောက်ဆုံးနေသူများအား ရှာဖွေနေခြင်းကို အာဖဂန်နစ္စတန်ရပ်ဆိုင်း

ငလျင်လှုပ်ခတ်မှုတွင် ပျောက်ဆုံးနေသူများအား ရှာဖွေနေခြင်းကို အာဖဂန်နစ္စတန်ရပ်ဆိုင်း

အာဖဂန်နစ္စတန်နိုင်ငံ အတွင်းဖြစ်ပွားခဲ့သည့် ငလျင်လှုပ်ခတ်မှုတွင် ပျောက်ဆုံးနေသူများအား ရှာဖွေနေခြင်းကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အာဏာပိုင်များကဇွန်၂၄ရက်တွင် ထုတ်ပြန်သည်။

အာဖဂန်နစ္စတန်-ပါကစ္စတန်နယ်စပ် ဒေသ၌ ဇွန်၂၃ရက်က ငလျင်လှုပ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်အတွင်း သေဆုံးသူဦးရေမှာ ၁၀၃၆ ဦး အထိမြင့်တက်လာပြီဖြစ်ကြောင်း၊သို့သော်သေဆုံးသူ အရေအတွက်မှာ ထပ်မံမြင့်တက်လာမည်ဟု မျှော်လင့်ရကြောင်း အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ ယူနီဆက်အဖွဲ့မှ ကိုယ်စားလှယ် မိုဟာမက်အေယိုယာက ပြောသည်။

ငလျင်လှုပ်ခတ်မှုအတွင်း   အသက်မသေဘဲ ကျန်ရစ်သူ အများအပြားမှာ အစားအစာ၊ ခိုလှုံရာအဆောက်အအုံနှင့် သောက်သုံးရေများ လိုအပ်နေကြောင်း၊ငလျင်ဒဏ် သင့်ခဲ့သည့် ကျေးရွာများမှာ ကယ်ဆယ်ရေး အဖွဲ့ဝင်များအား စောင့်ဆိုင်းလျက်ရှိပြီးဆေးဝါးနှင့် အခြားအကူအညီပေးရေး ပစ္စည်းများကိုလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် လူ ၂၀၀၀ ခန့်  ဒဏ်ရာရရှိသွားပြီး   လူနေအိမ် ၁၀၀၀၀ ခန့်မှာ လုံး၀ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားကြောင်း၊   ငလျင်လှုပ်ခတ်မှုအတွင်း     ပျောက်ဆုံး သို့မဟုတ်   ပိတ်မိနေဖွယ်ရှိသူများအား ရှာဖွေသည့်    လုပ်ငန်းအားရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း  သဘာဝကပ်ဘေး ကယ်ဆယ်ရေးဆိုင်ရာ  ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ  မိုဟာမက်နက်ဆင် ဟက်ကာနီက ပြောသည်။