အီရန်နျူကလီးယားဆွေးနွေးပွဲ ရက်ပိုင်းအတွင်းပြန်စမည်

တီဟီရန်၊ နိုင်ငံရေး

ရပ်ဆိုင်းနေသည်မှာ သုံးလကြာမြင့်နေပြီဖြစ်သော အီရန်နျူကလီးယားဆွေးနွေးပွဲကို ရက်ပိုင်းအတွင်း ပြန်လည်စတင်မည် ဖြစ် ကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ ဂျိုးဆပ်ဘော်ရဲက ဇွန် ၂၅ ရက်တွင် ပြောသည်။

အီရန်နျူကလီးယား ဆွေးနွေးပွဲကို လာမည့်ရက်ပိုင်းအတွင်း ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ အမြန်ဆုံးနှင့် ဖြစ်နိုင်ပါက ချက်ချင်းပင်ကျင်းပသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံသို့ကြိုတင် မစီစဉ်ထားဘဲ ရောက်ရှိလာသည့် ဂျိုးဆပ်ဘော်ရဲက သတင်းစာ ရှင်းလင်းပွဲတွင်ပြောခြင်းဖြစ်သည်။

ဂျိုးဆပ်ဘော်ရဲက အီရန်နိုင်ငံခြားရေးဝန်ကြီး ဟော့စိန်အမီယာအဗ္ဗဒိုလာဟီယန်နှင့်နှစ်နာရီနီးပါးကြာ ဆွေးနွေးပြီးနောက် ယခုကဲ့သို့ ထုတ်ပြန် ကြေညာခြင်းဖြစ်သလို အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း အဆိုပါဆွေးနွေးပွဲ ပြန်လည်စတင်သွားမည့် အခြေအနေနှင့် ပတ်သက်၍ အတည်ပြုထားသည်။

အီရန်နှင့် ဥရောပသမဂ္ဂတို့ကြား ကမ္ဘာ့အဆင့်ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ အချိန်အနည်းငယ်ကြာသော်လည်း အပြုသဘော ဆောင်သည့် ဆွေးနွေးမှုကိုလုပ်ဆောင်ခဲ့ကြောင်း၊ မကြာမီပြန်လည်ကျင်းပမည့် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ပြဿနာများနှင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း  အီရန်နိုင်ငံခြားရေး ဝန်ကြီးကပြောသည်။

၂၀၁၈ ခုနှစ်ကတည်းကစ၍ ပျက်ပြယ်လာသော အီရန်နျူကလီးယား သဘောတူညီချက်ပြန်လည်ရရှိရေးအတွက် ပြီးခဲ့သည့်နှစ် ဧပြီလတွင်  ဆွေးနွေးမှုများကိုပြန်လည်စတင်လုပ်ဆောင်လာခြင်းဖြစ်သည်။

သို့သော် ယခုနှစ်မတ်လတွင် အမေရိကန်နှင့်အီရန်အစိုးရတို့ကြား သဘောထားကွဲလွဲမှုများစွာ ရှိလာသည့်အတွက် ဆွေးနွေးပွဲကို   ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။      

Ref: Bangkok Post