ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ရေကြီးမှု ကလေးငယ် သုံးသန်းခွဲကျော် သန့်ရှင်းသောရေလိုအပ်နေ

လန်ဒန်၊ ကယ်ဆယ်ရေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဖြစ်ပွားနေသောရေကြီးမှုအတွင်း ကလေးငယ် ၁၅ ဦးရေနစ်သေဆုံးထားကာရေကြီးမှုကြောင့် ဆက်စပ်ဖြစ်ပေါ် လေ့ရှိသောရောဂါများ ဖြစ်ပွားနေစဉ်ကလေးငယ် သုံးသန်းခွဲကျော်မှာ သန့်ရှင်းသောရေကို အရေးတကြီး လိုအပ်နေကြောင်း    ကုလသမဂ္ဂ ကလေးငယ်များရန်ပုံငွေအဖွဲ့ဖြစ်သော UNICEF မှ ဌာနေကိုယ်စားလှယ်က  ဇွန် ၂၄ ရက်တွင် ပြောသည်။

သောက်ရေသန့်   လိုအပ်နေသော ကလေးငယ်အရေအတွက်မှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း   လွန်စွာမြင့်တက်လာခြင်းဖြစ်ကြောင်း၊  ဒေသအများစုမှာ ရေအောက်သို့လုံးလုံးလျားလျား နစ်မြုပ်နေကြောင်း၊  ထိုဒေသများအနေဖြင့်  သောက်ရေသန့်နှင့် အစားအစာ ထောက်ပံ့မှုမရရှိကြောင်းနှင့် ကလေးများမှာ အကူအညီကို ယခုချက်ချင်း လိုအပ်နေခြင်းဖြစ်ကြောင်း ဌာနေကိုယ်စားလှယ်  ရှယ်ဒန်ယတ်က ပြောသည်။

အလားတူ နိုင်ငံ၏လေးပုံတစ်ပုံတွင် ရေကြီးနေခြင်းကြောင့် ကျန်းမာရေးဌာနများအနေဖြင့် ပုံမှန်လုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း၊ စာသင်ကျောင်းများကိုလည်း ပိတ်ထားရကြောင်းနှင့် ရာပေါင်းများစွာသော ကလေးငယ်များအတွက် လုပ်ဆောင်ပေး နေသည့် အာဟာရချို့တဲ့မှု ကုသရေး အစီအစဉ်များကိုလည်း ရပ်ဆိုင်းထားရကြောင်း ရှယ်ဒန်ယတ်က UNICEF အစည်းအဝေး တစ်ခုတွင် ပြောသည်။

တစ်ချိန်တည်းမှာပင် ရေကြီးခြင်းနှင့်ဆက်စပ်ဖြစ်ပေါ်လေ့ရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ အရေအတွက်မှာ ၂၇၀၀ အထိ မြင့်တက်လာကြောင်း ၎င်းကဆက်ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကူကယ်ရာမဲ့နေသူစုစုပေါင်း လေးသန်းခွဲကျော်ရှိကြောင်း၊ အများစုမှာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အဆိုးဆုံးသောရေကြီးမှုကို ခံစားနေရသည့် ဆိုက်ဟတ်ဒေသမှဖြစ်ကြောင်း   သိရသည်။

Ref: CAN