အမေရိကန်အနေဖြင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရေးအတွက် စီးပွားရေးအရနာကျင်မှုကို ကြံ့ကြံ့ခံရမည်ဟုဆို

ဝါရှင်တန်၊ စီးပွားရေး

အမေရိကန်နိုင်ငံအနေဖြင့် လက်ရှိမြင့်တက်လျက်ရှိသော ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရေးအတွက် စီးပွားရေးအရနာကျင်မှုကို ကြံ့ကြံ့ခံရမည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲက ဇွန် ၂၄ ရက်တွင်ပြောသည်။

လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ နှစ်ပေါင်း ၄၀ အတွင်း အမြင့်မားဆုံးသော ငွေကြေးဖောင်းပွမှုနှင့် ရင်ဆိုင်နေရသည့် အမေရိကန်စီးပွားရေး အခြေအနေမှာ လွန်စွာကြမ်းတမ်းမည်ဖြစ်ကြောင်း IMF ဦးဆောင်ညွှန်ကြားရေးမှူး ခရစ္စတယ်လီနာ ဂျော်ဂီဗာ က သတင်းစာရှင်းလင်းပွဲတွင်ပြောခြင်းဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ အောင်မြင်မှုရရှိလာကာ တစ်ကမ္ဘာလုံးစီးပွားရေးတိုးတက်မှုအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်သော် လည်း ထိုသို့သောအောင်မြင်မှုရရှိရေးအတွက် နာကျင်မှုအချို့ကိုခံစားရမည်ဖြစ်ကြောင်း ၎င်းကပြောထားသည်။

တစ်ချိန်တည်းမှာပင် IMF သည် အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု အလားအလာကို ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ လျှော့ချ ခန့်မှန်းလိုက်သည်။ ထို့ပြင်အမေရိကန်နိုင်ငံသည် စီးပွားရေးကျဆင်းမှုကိုရှောင်လွှဲခြင်းငှာစွမ်းသာနိုင်မည်မဟုတ်ကြောင်း၊ သို့သော် ငွေကြေးဖောင်းပွမှုကို ဦးစားပေးအနေဖြင့် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ဦးဆောင်ညွှန်ကြားရေးမှူးက ထပ်လောင်း သတိပေး ထားသည်။

အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းကို နှစ်ပေါင်း ၂၈ နှစ်အတွင်း အမြင့်ဆုံးအထိတိုးမြှင့်လိုက်ပြီးနောက် IMF ၏သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း  သိရသည်။

Ref: RT