လူသားများအခြေချနေထိုင်နိုင်ရေးအတွက် လကမ္ဘာပေါ်၌ နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်မည့် နာဆာအဖွဲ့

လူသားများအခြေချနေထိုင်နိုင်ရေးအတွက် လကမ္ဘာပေါ်၌ နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်မည့် နာဆာအဖွဲ့

နာဆာအဖွဲ့သည် လကမ္ဘာပေါ်၌ နျူကလီးယားဓာတ်ပေါင်းဖို တစ်လုံးကို ၂၀၃၀ ပြည့်နှစ်ခန့်တွင် တည်ဆောက်ရန် စီစဉ်လျက်ရှိ သည်။

အဆိုပါစီမံကိန်းအကောင်အထည်ဖော် ဆောင်ရေးအတွက် နာဆာအဖွဲ့သည် အမေရိကန်စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိပြီး ဓာတ်ပေါင်းဖိုဒီဇိုင်းထုတ်လုပ်ရေးအတွက် ကုမ္ပဏီသုံးခု နှင့်  သဘောတူညီချက်များ ချမှတ်ထားပြီးဖြစ်သည်။   အဆိုပါ စီမံကိန်း ဖော်ဆောင်ခြင်း၏ အဓိကရည်မှန်းချက်မှာ လကမ္ဘာပေါ်သို့ လူသားများအခြေချနေထိုင် နိုင်ရေးအတွက်သာမက နောက်ပိုင်းတွင် အင်္ဂါဂြိုဟ်ပေါ်သို့ပါ လူသားများ သွားရောက် အခြေချနိုင်ရေးအတွက် ဖြစ်သည်။ ထို့ကြောင့် လကမ္ဘာပေါ်သို့ လူသားများ အခြေချနေထိုင်နိုင်ရေးအတွက် လုပ်ဆောင်မည့် နာဆာအဖွဲ့၏ ရည်မှန်းချက်၏ တစ်စိတ်တစ်ဒေသအဖြစ် လကမ္ဘာပေါ် တွင် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်လုံးကို လာမည့်ရှစ်နှစ်အတွင်း တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။

အဆောက်အအုံ တည်ဆောက်မည့် ဒီဇိုင်းတစ်ခုစီ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာငါးသန်းရှိပြီး  တည်ဆောက်မည့်ကုမ္ပဏီများတွင် ထင်ရှားသည့် Lockheed Martin၊ Westinghouse and XI နှင့် X-Energy and Intuitive Machines တို့ပါဝင်သည်။ ရေးဆွဲမည့် အဆောက်အအုံ ဒီဇိုင်းများကို အဆိုပါ ကုမ္ပဏီကြီးများက ဖော်ပြထားခြင်းမရှိသေးပေ။ သို့ရာတွင် ရေးဆွဲမည့် အဆောက်အအုံဒီဇိုင်း သည် နာဆာအဖွဲ့က သတ်မှတ်ထားသည့်လိုအပ်ချက်များနှင့်ကိုက်ညီမှုရှိရန် လိုအပ်မည်ဖြစ်သည်။

လကမ္ဘာပေါ်၌ တည်ဆောက်မည့် နျူကလီးယားစက်ရုံသည် အနည်းဆုံး စွမ်းအင် ၄၀ ကီလိုဝပ်ကို ထုတ်လုပ်ပေးနိုင်ရမည်ဖြစ်ပြီး ၁၀ နှစ်ကြာ လည်ပတ်ရန် လိုအပ်မည်ဖြစ်သည်။ သို့သော် အဆောက်အအုံ၏ အရွယ်အစားမှာ ကမ္ဘာမြေပြင်ပေါ်တွင် တည်ဆောက် ထားသည့် နျူကလီးယားဓာတ်ပေါင်းဖိုများနှင့် မတူဘဲ သေးငယ်ရမည်ဖြစ်သည်။ စင်စစ်တွင် နာဆာအဖွဲ့အနေဖြင့် လကမ္ဘာပေါ်၌  တည်ဆောက်မည့် အဆိုပါဓာတ်ပေါင်းဖိုကို  မြေပြင်ပေါ်တွင် တည်ဆောက်ပြီးစီးပြီးနောက် အဆိုပါဓာတ်ပေါင်းဖိုအား ဒုံးပျံဖြင့်  လကမ္ဘာပေါ်သို့ ပို့ဆောင်နိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဒုံးပျံက အဆောက်အအုံအား သယ်ဆောင်သွားနိုင်ရေးအတွက်  ဓာတ်ပေါင်းဖို၏ အလေးချိန်မှာ ပေါင် ၁၃၂၀၀ ထက် မများစေဘဲ ယင်းအဆောက်အအုံအား ၁၂ ပေအကျယ်ရှိ  ထုလုံးရှည် တစ်ခု အတွင်းသို့  ထည့်သွင်းပို့ဆောင်မည်ဖြစ်သည်။

နာဆာအဖွဲ့၏ အဆိုပါစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်မည်ဆိုပါက အလားတူစီမံကိန်းများကိုအသုံးပြု၍ အင်္ဂါဂြိုဟ်ပေါ်သို့ သွားလာနိုင်ရန် ဆက်လက်ကြိုးပမ်းမည့်အလား အလာရှိနေသည်။ အကြောင်းမှာ လကမ္ဘာပေါ်၌ လူသားများ အတွက် အင်္ဂါဂြိုဟ်သို့ သွားရောက်နိုင်ရေး များစွာအထောက်အကူပြုနေသည့် အခြေခံကောင်းများ ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။

လကမ္ဘာပေါ်သို့ လူသားများ အခြေချနေထိုင်နိုင်ရေးကြိုးပမ်းနေသည့် အဖွဲ့အစည်းများတွင် နာဆာအဖွဲ့တစ်ဖွဲ့သာမဟုတ်ဘဲ   တရုတ်နိုင်ငံမှ အမျိုးသားအာကာသ စီမံခန့်ခွဲရေးအဖွဲ့ကလည်း ၂၀၃၀ ပြည့်နှစ်ခန့်တွင် လကမ္ဘာပေါ်သို့ တရုတ် အာကာသယာဉ် မှူးများကို အရောက်ပို့ဆောင်နိုင်ရန် တစိုက်မတ်မတ်ကြိုးပမ်းနေသည်။ ထို့ကြောင့် မည်သည့်အဖွဲ့အစည်းက ၎င်းတို့၏မစ်ရှင်အား အောင်မြင်စွာဖော်ဆောင်နိုင်မည်ကို စိတ်ဝင်စားစွာ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Ref: Spt