ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များက ချမ်းသာကြွယ်ဝသောနိုင်ငံများကိုပါ ခြိမ်းခြောက်လာကြောင်း ပြသလိုက်သည့် စပိန်နှင့်ဂျာမနီတောမီးများ

အနောက်ဥရောပ နိုင်ငံများဖြစ်သည့် စပိန်နှင့်ဂျာမနီနိုင်ငံတို့သည် ယခုနှစ်အတွင်း ပထမအကြိမ်အဖြစ် ထူးခြားသည့် အပူလှိုင်းရိုက် ခတ်မှုနှင့်   တွေ့ကြုံနေရပြီဖြစ်သည်။ ချမ်းသာကြွယ်ဝသော အဆိုပါဥရောပနိုင်ငံကြီးများသည် ယခုအခါ အပူလှိုင်းရိုက်ခတ်မှုကြောင့်   နောက်ဆက်တွဲ အကျိုးဆက်အဖြစ်ပုံမှန်မဟုတ်သော တောမီးလောင်မှုကို ပထမအကြိမ် တွေ့ကြုံနေရခြင်းဖြစ်သည်။

စပိန်နိုင်ငံသည်  လက်ရှိတွင်  အပူချိန်မြင့်တက်မှု၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့်ဖြစ်ပေါ်လာသည့် တောမီးလောင်မှုကို အဆိုးရွားဆုံး ရင်ဆိုင်နေရပြီး နိုင်ငံအနောက်မြောက်ပိုင်းရှိ ဇာမိုရာပြည်နယ်သည် တောမီးလောင်မှုကို အဆိုးရွားဆုံး တွေ့ကြုံနေ ရသည်။ တောမီးလောင်မှုအတွင်း ဧရိယာ ဟက်တာ ၂၅၀၀၀ (ဧက၆၁၀၀၀)ကျော်ပျက်စီးသွားပြီဖြစ်သည်။ 

စပိန်နိုင်ငံ၌ ပြီးခဲ့သည့်သုံးရက်အတွင်းက  အပူချိန်မြင့်တက်လာခဲ့သည့်အပြင် လေတိုက်နှုန်းလည်း   ပြင်းထန်ခဲ့သည်ဟု အာဏာပိုင် များက ထုတ်ပြန်ထားသည်။ နောက်ပိုင်းတွင် အပူချိန်ပြန်လည် လျော့ကျသွားပြီးနောက် အာဏာပိုင်များက လောင်ကျွမ်းနေသည့်   တောမီးများကို ငြှိမ်းသတ်ရန် မီးသတ်တပ်ဖွဲ့ဝင် ၆၅၀ ခန့်စေလွှတ်ခဲ့ရသည့်အပြင် မီးသတ်လေယာဉ်တစ်စင်းကိုပါ အသုံးပြုခဲ့ရသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ဒေသတွင်း၌ဖြစ်ပေါ်ခဲ့သည့် တောမီးလောင်မှုများမှာ ပြန်လည်ဖြစ်ပေါ်လာနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။ ယင်းဒေသ၌ဖြစ်ပေါ်သည့် တောမီးလောင်မှုများကြောင့် ကျေးရွာ ၁၈ ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသွားခဲ့ရပြီဖြစ်သည်။

စပိန်နိုင်ငံသည် မကြုံစဖူး ထူးခြားသည့်အပူချိန်မြင့်တက်မှုနှင့်တွေ့ကြုံရစဉ် ပြင်းထန်သော  တောမီးလောင်မှုများဖြစ်ပေါ်မည်ကို   သတိထား စောင့်ကြည့်လျက်ရှိသည်။  အဘယ်ကြောင့်ဆိုသော်  ယင်းနိုင်ငံသည် ဥရောပ၌ဖြစ်ပေါ်လေ့ရှိသော ပုံမှန်မဟုတ်သည့် ပူပြင်းမှုနှင့်  ဆက်နွှယ်နေခြင်းကြောင့်ဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုထားသည်။ နိုင်ငံအတွင်းရှိ မြို့ကြီးအများအပြား၌  ဖြစ်ပေါ် နေသည့် အပူချိန်သည် ၄၀ ဒီဂရီအထိ မြင့်တက်လာခဲ့သည်။

အလားတူ  ယခုနှစ်အတွင်း  ဖြစ်ပေါ်သည့် မိုးခေါင်မှုသည် တောမီးလောင်မှုများပိုမိုဖြစ်ပေါ်စေရန် အထောက်အပံ့ဖြစ်စေခဲ့သည်ဟု လည်းဆိုနိုင်သည်။  ထို့ပြင်  တောမီးများသည် အကျယ် မီတာ ၅၀၀ ရှိ  ရေလှောင်ကန်ကိုကျော်လွှား၍  ကန်၏တခြားတစ်ဖက်ကိုပါ     လောင်ကျွမ်းနိုင်သောကြောင့် ထပ်မံဖြစ်ပေါ်လာနိုင်သည့် တောမီးလောင်မှုကိုတားဆီးနိုင်ရန် အခက်အခဲဖြစ်လာနိုင်သည်ဟု ဒေသ တွင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။ ဇာမိုရာပြည်နယ်၌ ဖြစ်ပေါ်ခဲ့သော တောမီးလောင်မှုသည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းကဖြစ်ပေါ်သော မုန်တိုင်းတိုက်ခတ်မှုမှ စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတောမီးကြောင့် အာဏာပိုင်များအနေဖြင့်   မြို့တော် မက်ဒရစ်မှ   နိုင်ငံအနောက်မြောက်ပိုင်းသို့  ပြေးဆွဲနေသည့်မြန်နှုန်းမြင့်ရထားလိုင်းများကိုပါ ပိတ်ပစ်ခဲ့ရသည်။  တောမီးလောင်မှုကို  အလျင် အမြန်ငြှိမ်းသတ်နိုင်ရန် အာဏာပိုင်အဖွဲ့က ဇာမိုရာ၊ နာဗာရာနှင့် လေးဒါဒေသတို့သို့ လက်နက်ကိုင်တပ်ဖွဲ့မှ မီးသတ် တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ခဲ့ရသည်။

နာဗာရာဒေသ အာဏာပိုင်အဖွဲ့သည် အပူချိန်ဆက်လက်မြင့်တက်လာမှုကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဒေသတွင်းရှိ ကျေးရွာငယ် ၁၅ ရွာမှ ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီးဖြစ်သည်။ စပိန်နိုင်ငံသည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းမှာပင် တောမီးလောင်မှုပေါင်း ၂၀၀ ကျော်နှင့် ရင်ဆိုင်ခဲ့ရသည်။

အလားတူ    ဂျာမနီနိုင်ငံသည်လည်း မကြာမီရက်ပိုင်းအတွင်းက  မိုးခေါင်ပြီး အပူချိန်မြင့်တက်လာမှုကြောင့် တောမီးလောင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ နိုင်ငံအရှေ့ပိုင်းရှိ မြို့ကြီးများဖြစ်သည့် ဒရက်စဒန်နှင့် ကော့ဘတ်စ်မြို့တို့၌ အပူချိန် ၃၉ ဒသမ ၂ ဒီဂရီအထိ မြင့်တက် လာခဲ့ကြောင်းအမျိုးသား မိုးလေဝသ စောင့်ကြည့်ရေးအေဂျင်စီက ထုတ်ပြန်ထားသည်။ အပူချိန်မြင့်တက်မှုကြောင့်   မြို့တော် ဘာလင်၏ အနောက်တောင်ဘက် ၃၁ မိုင်အကွာရှိ ထရူအန်ဘရစ်ဇင်မြို့၌ မီးလောင်မှုတစ်ရပ်ဖြစ်ပေါ်ခဲ့ရာ မြို့တော် အာဏာပိုင်အဖွဲ့က မြို့အနီးရှိ ကျေးရွာသုံးရွာမှ ပြည်သူများအား  ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့ရသည်။

ထို့ပြင် ဂျာမနီနိုင်ငံအတွင်းရှိ တချို့ဒေသများ၌မူ တောမီးလောင်မှုများသည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းမှ စတင်ဖြစ် ပေါ်လာခဲ့ ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် သစ်တောဧရိယာ ဟက်တာ ၁၀၀မှ ဟက်တာ ၁၁၀ အထိ ပျက်စီးခဲ့ရသည်ဟု   အာဏာပိုင်များက    ထုတ်ပြန်ထားသည်။

စပိန်နှင့်ဂျာမနီကဲ့သို့သော ဥရောပနိုင်ငံများ၌ ယခုကဲ့သို့ မကြုံစဖူး အပူချိန်မြင့်တက်လာခြင်းသည် စိုးရိမ်ဖွယ်ကောင်းလှသည့်  ရာသီဥတုပြောင်းလဲမှု၏  အကျိုးဆက်များဖြစ်သည်ဟု ဂျီနီဗာအခြေစိုက် ကမ္ဘာ့မိုးလေဝသအဖွဲ့မှ ကျွမ်းကျင်သူ ကလဲနူးလစ်က  ထောက်ပြထားသည်။   ထို့ပြင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ခြင်းမရှိပါက ကမ္ဘာ့အပူချိန် ဆက်လက်မြင့် တက်နေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်သတိပေးပြောကြားသည်။

ထို့ကြောင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များသည် ဆင်းရဲသည့်နိုင်ငံများကိုသာမက ချမ်းသာကြွယ်ဝသော ဥရောပနိုင်ငံများ ကိုပါ ခြိမ်းခြောက်လာပြီဖြစ်သည်ဟု  စပိန်နှင့်ဂျာမနီနိုင်ငံတို့၌ ဖြစ်ပေါ်ခဲ့သည့် တောမီးလောင်မှုများက သက်သေပြလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။

Ref: Dw.com, yahoo.com