အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှု မဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်မှုများ လုပ်ဆောင်

အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှု မဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်မှုများ လုပ်ဆောင်

နေပြည်တော်၊ ဇွန် ၂၆

NUG အမည်ခံအကြမ်းဖက်သမားများနှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင် ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်း၊ ပညာရေးအဆောက်အဦများနှင့် ပညာရေးဝန်ထမ်းများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ လုပ်ကြံ သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၂၅ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အလယ်ချောင်း(အောက်)ကျေးရွာရှိ အခြေခံ ပညာမူလတန်းကျောင်းဝင်းအတွင်း ခြံစည်းရိုးနှင့်ကပ်လျက်ရှိ ကျောင်းလိုင်းခန်းရှေ့၌ ကျောင်းအုပ် ဆရာကြီး ဦးမောင်မောင်တာ၊ မူလတန်းပြဆရာ ဦးနေဝင်းထွန်းနှင့် ဦးလှိုင်မင်းထွန်းတို့ ၃ ဦးသည် ဆိုလာမီးထွန်း၍ ထမင်းစားနေစဉ် ကျောင်းအပြင်ဘက်လမ်းမပေါ်မှနေ၍ အမျိုးသား ၂ ဦး(စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးနေဝင်းထွန်းတွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဦးလှိုင်မင်းထွန်းတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့ ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ဆယ်လန့်ကျေးရွာရှိ ဆယ်လန့် အခြေခံပညာအထက်တန်းကျောင်း၊ နမ့်ပတီးကျေးရွာရှိ နမ့်ပတီးအခြေခံပညာမူလတန်းကျောင်း၊ နောင်လောင်းကျေးရွာ အုပ်စုရှိ မန်နယ်အခြေခံပညာမူလတန်းကျောင်းနှင့် နမ့်စမ်ဂိုဒေါင် အခြေခံ ပညာမူလတန်းကျောင်း၊ ဖိုင်းကျောင်းကျေးရွာရှိ ဖိုင်းကျောင်းအခြေခံပညာမူလတန်းကျောင်းတို့ရှိ ကျောင်းနံရံများတွင် အကြမ်းဖက်သမားများက ခြိမ်းခြောက်စာများကပ်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါခြိမ်းခြောက်စာများအား ရှင်းလင်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စကောလမ်း ရပ်ကွက်နေ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်မန်းတူလ်ကျိန် ၏မိခင်ဖြစ်သူ ဒေါ်ဒိပ်ဒိုးကျိန်(၇၈)နှစ် (ဘ)ဦးတွန်းဇဒါးသည် ၎င်း၏နေအိမ်၌ ရှိနေစဉ် ဆိုင်ကယ် ၁ စီးဖြင့် အကြမ်းဖက်သမား ၂ ဦးရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ဝင်ရောက်လာကာ ချင်းဘာသာ/ မြန်မာဘာသာစကားတို့ဖြင့် ရေးသားထားသော ခြိမ်းခြောက်စာ ၂ စောင်အား ပေးအပ်ကာ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်စာပို့ဆောင်ပေးသူများ အား စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ် စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းများပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။