စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်မှုကြောင့် လူနေအိမ် ၁ လုံးပျက်စီး၊ အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်မှုကြောင့် လူနေအိမ် ၁ လုံးပျက်စီး၊ အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး ဒဏ်ရာရ

နေပြည်တော်၊ ဇွန် ၂၆

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့ရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာတွင် ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပေါမမြိုင်ကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆိုပါကျေးရွာနေ ဦးအုန်းမောင်(၆၀)နှစ် (ဘ) ဦးညိုအေး၏ သွပ်မိုး၊ ထရံကာ ပျဉ်ခင်း ၂ ထပ် နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှု ကြောင့် ဦးအုန်းမောင်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ နေအိမ် အမိုး၊ အကာနှင့် ကြမ်းပြင်များ ပေါက်ပြဲပျက်စီးခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ ဦးအုန်းမောင်အား ဆေးကုသနိုင်ရေး ကသာမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့ရွာများအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ကာ အပြစ်မဲ့ပြည်သူများအား ထိခိုက်ဒဏ်ရာရရှိသေဆုံးစေခဲ့သည့် အကြမ်းဖက်သမားများ အား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။