ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Burma Final Revolution Armed Force- BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Burma Final Revolution Armed Force- BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန်လ ၂၆

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှု မရှိ စေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလို လားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း၌ Burma Final Revolution Armed Force- BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ရဲနောင်ထွန်း(ခ) Demon အား လည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ပုလဲလမ်းသွယ်(၁)၊ တိုက်အမှတ်(၃၄)တွင် ရဲမင်းဟိန်း(ခ)ရဲဖြိုးအောင်(ခ)ရဲကြီး၊ ကျော်စွာထက်(ခ)ပေါ်လာ တို့အား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ  ရဲနောင်ထွန်း(ခ) Demon ၏ ထွက်ဆိုချက်အရ ဇွန်လ ၂၅ ရက်တွင် ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာအုပ်စု၊  ရေတလိကျေးရွာ၌ BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ရန်နိုင်ထူး(ခ)နဂါးလေးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံ ရန်နိုင်ထူး(ခ)နဂါးလေး၏ ထွက်ဆိုချက်အရ ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရတနာအဆောင်(၂)တွင် ဇင်ကိုဦး၊ ချစ်မိုး(ခ)ကျော်သက်ဝေ၊ စန်းလွင်တို့ ၃ ဦးအား ထပ်မံဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ရဲနောင်ထွန်း(ခ)Demon ၊ ရဲမင်းဟိန်း(ခ)ရဲဖြိုးအောင်(ခ)ရဲကြီးတို့သည် KIA ဗဟိုဌာနချုပ် ရှိရာ လိုင်ဇာမြို့၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၇ ရက် တက်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လ တတိယပတ်တွင် BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့အား ရဲနောင်ထွန်း(ခ) Demon ၊ ရဲမင်းဟိန်း(ခ)ရဲဖြိုးအောင်(ခ)ရဲကြီး၊ ရန်နိုင်ထူး(ခ)နဂါးလေးတို့ ခေါင်းဆောင်၍ အင်အား ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊  အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သောငွေကြေးနှင့် ဖောက်ခွဲရေးပစ္စည်းများအား CRPH ၊ NUG အကြမ်းဖက်အဖွဲ့များထံမှ ရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့သည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက် ဖောက်ခွဲမှု ၉ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

  • ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ်ရှိ အမှတ်(၁)မြို့မရဲစခန်းအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • စက်တင်ဘာလ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်း(က)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း။
  • စက်တင်ဘာလ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်၊ ဇေယျသုခလမ်းနှင့် သပြေညိုလမ်းထောင့်၌ လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲခဲ့ကြောင်း။
  • အောက်တိုဘာလ ၁  ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးအနီးရှိ သင်္ဘောကျင်းမှတ်တိုင်၌ လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲ ခဲ့ကြောင်း။
  •  ဒီဇင်ဘာလ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ မြင်တော်သာလမ်းရှိ မြို့နယ်စည်ပင်သာယာရေးရုံးအား လက်လုပ်မိုင်း ၁ လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ သင်္ဘောကျင်းရဲစခန်းအား လက်လုပ်မိုင်း ၁ လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ဇန်နဝါရီလ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ မြို့နယ် လျှပ်စစ်ရုံးအား လက်လုပ်မိုင်း ၁ လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ဧပြီလ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ဝါဝါဝင်း ဆောက်လုပ်ရေးမုဒ်ဦးအား လက်လုပ်မိုင်း ၂ လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ဧပြီလ ၆ ရက်တွင် အလုံမြို့နယ်၊ ဧရာဝတီရပ်ကွက်၊ သခင်မြပန်းခြံဘေးရှိ YBS (၅၆)ဂိတ်၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်တစ်စီးအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင် ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ဆုငွေများ ပေးအပ် ချီးမြှင့်လျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါ ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။