ဟံသာဝတီယူနိုက်တက် အသင်းက ဧရာဝတီယူနိုက်တက်အသင်းအား နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိ

နေပြည်တော်  ဇွန်  ၂၆

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲကို ယနေ့ ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌    မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁)ပွဲစဉ်အဖြစ် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဟံသာဝတီယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းအား နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးအဓိက ကစားသမားအစုံအလင်ဖြင့် အပြန်အလှန်ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ပွဲချိန် ၈ မိနစ်တွင် စိုးကျော်ကျော်က ဟံသာဝတီယူနိုက်တက် အသင်းအတွက် ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့သည်။ ဦးဆောင်ဂိုးပေးခဲ့ရ ပြီးနောက်ပိုင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းက ပိုမိုဖိအားပေးကစားခဲ့ရာမှ ပွဲချိန် ၁၃ မိနစ်တွင် ညီညီအောင်က ဟံသာဝတီယူနိုက်တက်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ဟံသာဝတီယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းတွင် နှစ်သင်းစလုံးမှ တိုက်စစ်ကစားသမားများအဆုံးသတ် ပိုင်းအားနည်းမှုများကြောင့် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ ပထမပိုင်းက သွင်းဂိုးများနှင့် ဟံသာဝတီယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

 ပြိုင်ပွဲပထမအကျော့ပွဲစဉ်များကို ဇွန် ၂၅ ရက်မှ   သြဂုတ် ၂၅ ရက်အထိလည်းကောင်း၊ ဒုတိယအကျော့ ပွဲစဉ်များကို စက်တင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၆ ရက်အထိလည်းကောင်း သုဝဏ္ဏကွင်း၌ တစ်ပတ်လျှင် ငါးပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။         

ကျော်လွင်