ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဝန်ကြီးဌာန မိုးရာသီဌာန ပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဝန်ကြီးဌာန မိုးရာသီဌာန ပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇွန် ၂၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး” ကို ရည်မှန်းချက်ထားရှိ၍ ၂၀၂၂ ခုနှစ် မိုးရာသီ ကာလအတွင်း အမျိုးသား ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများကို  ဇွန် ၂၀ ရက်မှ စတင်ကျင်းပလျက်ရှိရာ     ယနေ့ နေ့လယ်ပိုင်းတွင် အမျိုးသား ပိုက်ကျော်ခြင်း ဗိုလ်လုပွဲကို    ဝဏ္ဏသိဒ္ဓိကွင်း အတွင်းရှိ အားကစားရုံ(C)၌လည်းကောင်း၊ အမျိုးသား/အမျိုးသမီး ဘော်လီဘောဗိုလ်လုပွဲများကို    အားကစားရုံ(B)၌လည်းကောင်း အသီးသီး ကျင်းပသည်။

အဆိုပါ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်ဇနီး၊ ဒုတိယ ဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဇနီးများ၊ ညွှန်ကြားရေးမှူးချုပ်/ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများနှင့် မိသားစုများ တက်ရောက် အားပေးကြသည်။

ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ယခင်က အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ၊ အာရှအဆင့် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုတံဆိပ်များ ရရှိအောင်မြင်ခဲ့သည့် ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်ခဲ့သော သမိုင်း အစဉ်အလာကောင်းများ ရှိခဲ့ကြောင်း၊ ဤအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားရန် လိုကြောင်း၊ ဝန်ကြီးဌာနနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး အတွက် သက်ဆိုင်ရာဌာန အကြီးအကဲများနှင့်  တာဝန်ရှိသူ အဆင့်ဆင့်မှ   စဉ်ဆက်မပြတ် အားပေး ဆောင်ရွက်ကြဖို့ တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသား ဘော်လီဘောပြိုင်ပွဲများတွင် ဆုရရှိသော အသင်းများအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက လည်းကောင်း၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဆုရရှိသော အသင်းများအား ပြည်ထောင်စုဝန်ကြီး၏ ဇနီးနှင့် ဒုတိယဝန်ကြီးများ၏ ဇနီးများက လည်းကောင်း   ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနလက်အောက်ရှိ ဌာနအဖွဲ့အစည်းများမှ အမျိုးသားပိုက်ကျော်ခြင်းအားကစား ပြိုင်ပွဲသို့ အသင်း ၁၉ သင်း၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲသို့ အသင်း ၁၁ သင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲသို့ အသင်းလေးသင်း   စုစုပေါင်း အားကစားသမား ၃၈၉ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသား စားပွဲတင်တင်းနစ်နှင့် ဘောလုံးပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်းနှင့် ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီးမှ ဝန်ထမ်းအင်အား ၇၀၀ ကျော် တက်ရောက် အားပေးခဲ့ကြောင်း သတင်းရရှိသည်။