အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒို ငြိမ်းချမ်းရေး ကိစ္စရပ်ဖြင့် ရုရှားနှင့် ယူကရိန်းသို့ သွားမည်

အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒို ငြိမ်းချမ်းရေး ကိစ္စရပ်ဖြင့် ရုရှားနှင့် ယူကရိန်းသို့ သွားမည်

အင်ဒိုနီးရှားသမ္မတ   ဂျိုကိုဝီဒိုဒိုက ၎င်းသည် ငြိမ်းချမ်းရေးကိစ္စရပ်ဖြင့် ရုရှားနှင့်  ယူကရိန်းသို့ သွားမည်ဖြစ်ကြောင်းနှင့် ထိုခရီးစဉ်အတွင်း အဆိုပါနှစ်နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေးအတွက် တံခါးဖွင့် ဆွေးနွေးသွားရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း  ဇွန် ၂၆ ရက်တွင်ပြောသည်။

စစ်ပွဲကိုမဖြစ်မနေ ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာ   ထောက်ပံ့မှု ကွင်းဆက်သည်လည်း ပြန်လည်စတင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဂျိုကိုဝီဒိုဒိုက ဇွန် ၂၇ ရက် တွင် ဂျာမနီနိုင်ငံ၌ ပြုလုပ်မည့်  G7 ထိပ်သီးဆွေးနွေးပွဲသို့ မသွားမီပြောခြင်းဖြစ်သည်။

ထို့ပြင် ၎င်းသည် G7 နိုင်ငံများအနေဖြင့် ရုရှား-ယူကရိန်း အရေးကို  ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စက်သုံးဆီ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် နည်းလမ်းကို ချက်ချင်းရှာဖွေရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဂျိုကိုဝီဒိုဒိုက ပြောသည်။

အလားတူ စစ်ပွဲဖြစ်နေလင့်ကစား ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ စားနပ်ရိက္ခာနှင့် ဓာတ်မြေသြဇာ ထုတ်ကုန်များသည်လည်း ကမ္ဘာ့ဈေးကွက်ထဲသို့ ပြန်လည်ဝင်ရောက်ရန်လိုအပ်နေပြီဖြစ်ကြောင်း    အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောသည်။

ထို့အတူ နိုင်ငံအားလုံးအနေဖြင့် လက်ရှိဖြစ်ပွားနေသော စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုမိုဆိုးဝါးလာစေမည့် အပြုအမူများကိုရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည်    ရုရှားနှင့် ယူကရိန်းတို့ကြား ဖြစ်ပွားနေသည့် စစ်ပွဲကို လက်မခံသော်လည်း ယူကရိန်း သမ္မတ၏ လက်နက်ခဲယမ်းများ   တောင်းဆိုမှုကိုမူ ငြင်းဆိုထားကြောင်း သိရသည်။