မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု ကမ္ဘာ့အရေးပေါ် အခြေအနေမဟုတ်ဟု WHO ပြော

မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု ကမ္ဘာ့အရေးပေါ် အခြေအနေမဟုတ်ဟု WHO ပြော

လက်ရှိကမ္ဘာ့နိုင်ငံ အများအပြားတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုများ မြင့်တက်လာလျက် ရှိသော်လည်း ထိုရောဂါသည် ကမ္ဘာ့အရေးပေါ် ကျန်းမာရေးအခြေအနေ အဖြစ်သတ်မှတ်ရမည့် အနေအထား မရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ဇွန် ၂၅ ရက်တွင် ပြောသည်။

မျောက်ကျောက်ရောဂါသည် အနောက်နှင့် ဗဟိုအာဖရိကဒေသများ၌ ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများဖြစ်သော်လည်း  မေလအစောပိုင်းမှစ၍ ထိုဒေသ အပြင်ဘက်၌ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အများအားဖြင့်  အနောက်ဥရောပ ဒေသ၌ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု များပြားလာသည့်အတွက်  WHO ညွှန်ကြားရေးမှူးချုပ်က ကျွမ်းကျင်သူများ ကော်မတီအစည်းအဝေး ကျင်းပပြီးနောက်  ယခုကဲ့သို့ မှတ်ချက်ပြုပြောခြင်းဖြစ်သည်။

အဆိုပါကော်မတီက  လက်ရှိအခြေအနေသည်  မျောက်ကျောက်ရောဂါကို တစ်ကမ္ဘာလုံးက စိုးရိမ်ရသည့်  ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် မသတ်မှတ်နိုင်ကြောင်း အကြံပြုသည်ဟု WHO ညွှန်ကြားရေးမှူးချုပ်က  ပြောသည်။

တစ်ကမ္ဘာလုံးက စိုးရိမ်ရသည့် ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေ ဆိုသည်မှာ WHO က ထုတ်ပြန်နိုင်သည့် အမြင့်ဆုံးသော သတိပေးမှု အဆင့်ဖြစ်သော်လည်း ယခုကဲ့သို့ ကျွမ်းကျင်သူများ ကော်မတီ အစည်းအဝေးကို ပြုလုပ်ရခြင်းက တစ်ကမ္ဘာလုံးတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုက စိုးရိမ်ရသည့် အခြေအနေ မြင့်တက်လာမှုကို ပေါ်လွင်စေသည်။ ယခုနှစ်အတွင်း  အာဖရိကဒေသ အပြင်ဘက်ရှိ နိုင်ငံပေါင်း ၅၀ ကျော်၌ မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၃၂၀၀ ကျော်နှင့် ထိုရောဂါကြောင့် သေဆုံးသူ တစ်ဦးရှိသည်ဟု  WHO ၏တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။