ရုရှားက ဘယ်လာရုသို့  Iskander-M ဒုံးကျည်များ ထောက်ပံ့ပေးမည်

ရုရှားက ဘယ်လာရုသို့  Iskander-M ဒုံးကျည်များ ထောက်ပံ့ပေးမည်

ရုရှားနိုင်ငံက  အိမ်နီးချင်း ဘယ်လာရုနိုင်ငံသို့ Iskander-M အမျိုးအစား ရွေ့လျားတာတိုပစ် ဒုံးကျည်စနစ်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း   ရုရှားသမ္မတ ဗလာဒီမာပူတင်က ဘယ်လာရုသမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနှင့် ဇွန် ၂၆ ရက်တွင် တွေ့ဆုံ ဆွေးနွေးစဉ်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်ပြီးဖြစ်ကြောင်း၊  လာမည့်လ အနည်းငယ်အတွင်း ဘယ်လာရုနိုင်ငံသို့  Iskander -M  ဒုံးကျည်စနစ်များကို   ပေးပို့သွားမည် ဖြစ်ကြောင်း၊ ထိုဒုံးကျည်စနစ်ကို အမြင့်ပျံ ဒုံးကျည်များ အဖြစ်သာမက  အနိမ့်ပျံ ဒုံးကျည်များအဖြစ်ပါ  အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ သမားရိုးကျ ဒုံးကျည်ထိပ်ဖူးများနှင့်သာမက  နျူကလီးယား ဒုံးကျည်ထိပ်ဖူးများနှင့်ပါ   တွဲဖက် အသုံးပြုနိုင်ကြောင်း ပူတင်က ပြောသည်။

လက်ရှိတွင် နှစ်နိုင်ငံစလုံးမှ ကာကွယ်ရေး ဝန်ကြီးများ၊   စစ်ဦးစီးချုပ်များ အနေဖြင့် အဆိုပါဒုံးကျည်များ  လွှဲပြောင်းပေးပို့မှုနှင့် ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ပူတင်နှင့် လူကာရှန်ကိုတို့က ဇွန် ၂၆ ရက်တွင် တွေ့ဆုံခြင်းဖြစ်ပြီး  ထိုသို့တွေ့ဆုံရာတွင် ဘယ်လာရု သမ္မတက ၎င်းတို့၏တိုက်လေယာဉ်များကို နျူကလီးယား ထိပ်ဖူးများ သယ်ဆောင်နိုင်သည်အထိ အဆင့်မြှင့်တင်နိုင်ရေးအတွက် ရုရှားနိုင်ငံက ကူညီပေးရန် တောင်းဆိုသည်။ အဆိုပါတောင်းဆိုမှုနှင့် ပတ်သက်၍လည်း ပူတင်က ကူညီရန်သဘောတူထားကြောင်း သိရသည်။