ဗီယက်နမ်က သန္တာကျောက်တန်းများကို ကာကွယ်ထိန်းသိမ်းရန် ရေငုပ်ခြင်းကိုတားမြစ်

ဗီယက်နမ် အစိုးရက ပျက်စီးနေသော သန္တာကျောက်တန်းများကို ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် ခရီးသွားအများစု လာရောက်ရာနေရာတစ်ခု၌ ရေငုပ်ခြင်းနှင့် ရေကူးခြင်းကို တားမြစ်လိုက်ကြောင်း တာဝန်ရှိသူများက ဇွန် ၂၇ ရက်တွင် ပြောသည်။

မကြာသေးမီကထွက်ပေါ်လာသော ဟွန်မွန်ကျွန်းမှ ဓာတ်ပုံများတွင် သန္တာကျောက်တန်းများမှာ အရောင်ကျွတ်ပြီး ပျက်စီးနေပြီကို တွေ့ရှိရသည်။

အဆိုပါကျွန်းသည် ဇီဝမျိုးစုံမျိုးကွဲများစွာရှိသည့်အတွက် အပျော်တမ်းရေငုပ်သူများနှင့် ခရီးသွားများအကြား  ရေပန်းအစားဆုံးနေရာတစ်ခု ဖြစ်သည်။

ထို့ကြောင့် ယင်းကျွန်းနှင့်ပတ်ဝန်းကျင်ရှိ သန္တာကျောက်တန်းများကို  ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ရေကူးခြင်းနှင့် ရေငုပ်ခြင်းတို့ကို တားမြစ်ပိတ်ပင်ရန် တာဝန်ရှိသူများက ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်း ဖြစ်သည်။

အရှေ့တောင်အာရှဒေသရှိ   သန္တာကျောက်တန်းများသည် ကမ္ဘာကြီးပူနွေးမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရပြီး  ထိုကျောက်တန်းများပျက်စီးမှုက သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးလုပ်ငန်းများအပေါ် ကြီးစွာ အကျိုးသက်ရောက်စေမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်ဟု သိရသည်။

Ref: Bangkok Post