ရုရှားက ဂျပန်နိုင်ငံ၏ ပိတ်ဆို့မှုများကို လက်တုံ့ ပြန်သွားမည်ဟု ကတိပြု

ဂျပန်နိုင်ငံက ရုရှားနိုင်ငံအပေါ်ချမှတ်သော ပိတ်ဆို့မှုများကို  လက်တုံ့ပြန်သည့်အနေဖြင့်  တန်ပြန်ပိတ်ဆို့မှုများ ချမှတ်သွားမည်ဖြစ်ကြောင်း ကတိပြုသည်ဟု  ရုရှားအစိုးရက ဇွန် ၂၇ ရက်တွင် ပြောသည်။

ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားပြီးနောက် လေးလအကြာတွင် ဂျပန်နိုင်ငံက အနောက်နိုင်ငံများနည်းတူ   မထင်မှတ်ထားသည့် ပိတ်ဆို့မှုများကို ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှရွှေများတင်သွင်းမှုကိုတားမြစ်ခြင်း၊ နိုင်ငံအတွင်းရှိ ရုရှား၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်း၊ ရုရှားလူပုဂ္ဂိုလ်များနှင့်  ကုမ္ပဏီများသို့ ကုန်ပစ္စည်းများတင်ပို့မှု  တားမြစ်ခြင်းတို့ အပါအဝင် ပိတ်ဆို့မှုများချမှတ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက  ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် ကြေညာသည်။

ထို့ကြောင့် ဂျပန်နိုင်ငံ၏လုပ်ဆောင်ချက်သည် နှစ်နိုင်ငံဆက်ဆံရေးကို ဖျက်ဆီးခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ   ရုရှားသံအမတ်ကြီးကပြောသည်။

ရုရှားနိုင်ငံအပေါ်ချမှတ်သော ပိတ်ဆို့မှုများသည်  ရေတိုကိုသာကြည့်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထိုအကျိုးဆက်ကို ဂျပန်နိုင်ငံကသာ ခံစားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စီးပွားရေးအသိုက်အဝန်းက အထိနာမည် ဖြစ်ကြောင်း ရုရှားသံအမတ်ကြီး မီခေးဂါလူဇင်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးထားသည်။

တကယ်တမ်းတွင် ရုရှားနိုင်ငံအပေါ် ရန်လိုသောမူဝါဒ တိုးမြှင့်ချမှတ်လာခြင်းသည် ရေရှည်တွင် ရုရှားအနေဖြင့်  ဂျပန်နိုင်ငံနှင့် ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်စေမည် ဖြစ်ကြောင်းနှင့် ထိုကိစ္စကို မဖြစ်မနေထည့်သွင်း စဉ်းစားသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရုရှားနိုင်ငံအနေဖြင့် အနောက်နိုင်ငံများက ချမှတ်သည့် ပိတ်ဆို့မှုများအပေါ် ထပ်တူညီသော ပိတ်ဆို့မှုများ ချမှတ်ကာ လက်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်တုံ့ပြန်မှုများတွင်  အမေရိကန်၊ ဗြိတိန်နှင့်ကနေဒါနိုင်ငံတို့မှ သတင်းထောက်များ၊ နိုင်ငံရေးသမားများနှင့် စီးပွားရေး နယ်ပယ်တွင် ထိပ်သီးပုဂ္ဂိုလ်များကို ပြည်ဝင်ခွင့်တားမြစ်မှုလည်း ပါဝင်ကြောင်း သိရသည်။                  

Ref: TST