အမေရိကန်က အာရှ NATO တပ်ဖွဲ့ထူထောင်နေဟု မြောက်ကိုရီးယားပြော

အမေရိကန်ပြည်ထောင်စုအနေဖြင့် အာရှဒေသတွင် NATO တပ်ဖွဲ့ကဲ့သို့ စစ်ရေးမဟာမိတ်တပ်ဖွဲ့တစ်ခုကို ထူထောင်နေကြောင်း၊ ထို့အတွက်ကြောင့် ခိုင်မာသော ခံစစ်များကို ပြင်ဆင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောသည်။

မြောက်ကိုရီးယားနိုင်ငံကို တားဆီးနိုင်ရေးအတွက် လိုအပ်ပါက အမေရိကန်စစ်လက်နက်  ပစ္စည်းများကို ဖြန့်ကြက်သွားရန် တောင်ကိုရီးယားသမ္မတနှင့် အမေရိကန်သမ္မတတို့က  သဘောတူညီချက် ရရှိပြီးနောက် မြောက်ကိုရီးယား အစိုးရ၏  ဝေဖန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသည် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့်  ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်နေစဉ်  အာရှပုံစံ NATO တပ်ဖွဲ့ကို   ထူထောင်နိုင်ရေးအတွက် လုပ်ဆောင်လာနေကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့၏ ဝက်ဆိုက်၌  ဇွန် ၂၆ ရက်တွင် ဖော်ပြထားသည်။

အမေရိကန်က တောင်ကိုရီးယား၊ဂျပန်တို့နှင့် ပူးပေါင်းစစ်ရေး လေ့ကျင့်ခန်းများကို မကြာသေးမီက လုပ်ဆောင် ထားသည့်အပြင် လေးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် လေယာဉ်တင်သင်္ဘောပါဝင်သော စစ်ရေးလေ့ကျင့်ခန်းကို တောင်ကိုရီးယားနိုင်ငံနှင့် ပူးတွဲလုပ်ဆောင်ထားသည်။

ထို့ပြင် တောင်ကိုရီးယားသမ္မတက စပိန်နိုင်ငံ၌ပြုလုပ်နေသည့် NATO တပ်ဖွဲ့ထိပ်သီး ဆွေးနွေးပွဲကို တက်ရန် ဇွန် ၂၇ ရက်တွင်မထွက်ခွာမီ မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်  ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

တောင်ကိုရီးယား နိုင်ငံအနေဖြင့် NATO တပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဆက်ဆံရေး ပိုမိုခိုင်မာစေရန်နှင့် ကမ္ဘာ့လုံခြုံရေး နယ်ပယ်တွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နိုင်ရေးအပြင် ဘရပ်ဆဲမြို့ရှိ NATO တပ်ဖွဲ့ဌာနချုပ်တွင်လည်း ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ထားရှိရန် စီစဉ်နေကြောင်း သိရသည်။                  

 Ref: CNA