ဗီယက်နမ်က အိန္ဒိယနေရာကို အစားထိုးပြီး ကမ္ဘာ့ဈေးကွက်သို့ ဆန်များတင်ပို့မည်

ကမ္ဘာပေါ်မှာ  ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ပြည်ပကို ဆန်တင်ပို့မှု တားမြစ် လိုက်မယ်ဆိုရင် ဗီယက်နမ်နိုင်ငံက  သူတို့အနေနဲ့ ကမ္ဘာ့ဈေးကွက်ထဲကို ဆန်များတင်ပို့သွားမယ်လို့ ဗီယက်နမ်စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကိုကိုးကားပြီး VietNam Net  သတင်းဌာနက ဖော်ပြထားပါတယ်။

ဗီယက်နမ်နိုင်ငံဟာ တစ်နှစ်ကိုဆန်တန်ချိန်ပေါင်း ၂၆ သန်းကနေ ၂၈ သန်းအထိထုတ်လုပ်နိုင်တဲ့ နိုင်ငံဖြစ်တဲ့အပြင် ပြည်ပကို ဆန်တန်ချိန် ၇ သန်းအထိ တင်ပို့နိုင်တယ်လို့ စိုက်ပျိုးရေးနဲ့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဆန်စပါးထုတ်လုပ်ရေးဦးစီးဌာနမှ  ငုယင်နူချောင်းက ပြောပါတယ်။

လက်ရှိအချိန်မှာ ဆန်စပါးထုတ်လုပ်မှုလုပ်ငန်းက လွန်စွာချောမွေ့စွာ လည်ပတ်နေကြောင်း၊   သဘာဝဘေး ဒုက္ခများကဲ့သို့ မမျှော်မှန်းနိုင်တဲ့ သက်ရောက်မှုတွေ မရှိလာဘူးဆိုရင် ဗီယက်နမ်နိုင်ငံ အနေနဲ့ အမြဲတမ်း စားနပ်ရိက္ခာဖူလုံမှုရှိကြောင်း  ငုယင်နူချောင်းက ဆိုပါတယ်။

အိန္ဒိယနိုင်ငံက ပြီးခဲ့တဲ့လမှာ သူတို့နိုင်ငံထွက်ဂျုံတွေကို ပြည်ပတင်ပို့မှု တားမြစ်လိုက်တာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ပြည်တွင်းဂျုံဈေးကွက်မှာ ဂျုံရှားပါးမှုနဲ့ ဈေးနှုန်းများ မြင့်တက်လာမှုကြောင့်ပါ။

စွမ်းအင်နဲ့ ဓာတ်မြေသြဇာ ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုကြောင့် စားနပ်ရိက္ခာဖူလုံရေးနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ရေး ကွင်းဆက်တို့အပေါ် ဆိုးကျိုးများ သက်ရောက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကိုဖြစ်ပေါ် လာစေပါတယ်။

ဒီအတွက်ကြောင့်  အိန္ဒိယနိုင်ငံဟာ နောက်တစ်ဆင့်အနေနဲ့ ကမ္ဘာ့ဈေးကွက်ထဲကို ဆန်တင်ပို့မှု  တားမြစ် လိုက်နိုင်ဖွယ်ရှိ တယ်ဆိုတဲ့  စိုးရိမ်ပူပန်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

လက်ရှိမှာဆိုရင်ပဲ အခွင့်ကောင်းကိုစောင့်နေတဲ့ ကုန်သည်တွေက ဆန်စပါးတွေကို တိုးမြှင့်ဝယ်ယူ သိုလှောင်လာကြတဲ့အတွက် ဈေးတွေက မြင့်တက်လာပါပြီ။

ဒါဆိုရင် ပြည်တွင်းဆန်ဈေးမြင့်တက်မှုကြောင့် ပြည်ပကို ဆန်တင်ပို့မှုလျှော့ချကာ သို့မဟုတ် တားမြစ်ကာ ပြည်တွင်းဆန်ဖူလုံမှုရှိအောင် လုပ်ဆောင်သွားရဖို့ ရှိနေပါတယ်။

ကမ္ဘာပေါ်မှာ  ဆန်စပါးထုတ်လုပ်မှု အများဆုံးနိုင်ငံများက အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ ဖြစ်တယ်လို့ ကမ္ဘာ့စီးပွားရေး ဖိုရမ်က ထုတ်ပြန်ထားပါတယ်။ အဲဒီနှစ်နိုင်ငံရဲ့ ဆန်စပါးထောက်ပံ့မှုက ကမ္ဘာ့ဆန်စပါး ထွက်ရှိမှုနှုန်းရဲ့ ထက်ဝက်အထိ ရှိပါတယ်။

ဒီလိုဆန်စပါး ထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံတွေထဲကမှ ဗီယက်နမ်နိုင်ငံဆိုတာ အဆင့်ငါးနေရာမှာရှိတဲ့ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။

ဒီနှစ်ပထမသုံးလပတ် အတွင်းမှာဆိုရင်ပဲ ဗီယက်နမ်နိုင်ငံက တင်ပို့ရောင်းချထားနိုင်တဲ့ ဆန်စပါးပမာဏဟာ တန်ချိန် ၁ ဒသမ ၁၄ သန်းရှိပြီး အမေရိကန်ဒေါ်လာ ၇၁၅ သန်းကို ရရှိထားပါတယ်။

အဲဒီလိုရောင်းချရတဲ့ပမာဏဟာ နှစ်စဉ်တင်ပို့ရောင်းချမှု ပမာဏနဲ့ နှိုင်းယှဉ်ရင် ၂၄ ရာခိုင်နှုန်းအထိ  သိသိသာသာ မြင့်တက်လာတာဖြစ်ကြောင်း ဗီယက်နမ်စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသ   ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနရဲ့  ထုတ်ပြန်ချက်အရ သိရပါတယ်။                                     

Ref: RT