ပြည်ပကြေးစားစစ်သားများနှင့် ယူကရိန်းတပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုများ ဖြစ်ပွားဟုဆို

ယူကရိန်းနိုင်ငံအနေဖြင့် ၎င်းတို့ နိုင်ငံအတွက် တိုက်ခိုက်ပေးမည့်  ကြေးစားစစ်သားများကို   ခေါ်ယူရခြင်း   အပါအဝင်  ယူကရိန်းစစ်ဘက်တပ်ဖွဲ့အတွင်း ကျွမ်းကျင်မှု အားနည်းခြင်းကြောင့် ပြည်ပကြေးစား စစ်သား များနှင့် ယူကရိန်းတပ်ဖွဲ့ ဝင်များကြား    အပြန်အလှန်ပစ်ခတ်မှု အနည်းဆုံးနှစ်ကြိမ် ဖြစ်ပွားကြောင်း ရုရှားတပ်မတော်က ထုတ်ပြန်ထားသည်။

အဆိုပါအပြန်အလှန်ပစ်ခတ်မှုနှစ်ကြိမ်အနက် ပထမတစ်ကြိမ်မှာ ပြည်ပကြေးစား စစ်သားများအနေဖြင့်    အမှတ်(၆၀) ခြေမြန်တပ်မလက်အောက်ခံ အမှတ် (၉၇) ခြေလျင်တပ်ရင်းသို့ရောက်ရှိစဉ်   အခြားကြေးစား စစ်သားများ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကိုခံရခြင်း ဖြစ်သည်။

ဒုတိယတစ်ကြိမ်မှာမူ  အမှတ်(၂၈) ယန္တရားတပ်မဟာရှိစစ်သည်များနှင့် ကြေးစားစစ်သားများကြား ဖြစ်ပွားခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အခိုင်အမာ ပြောထားသည်။

ကြေးစားစစ်သားများသည်    ထိုတပ်မဟာရှိ   ကင်းထောက်စစ်သည်များကို  မှားယွင်းတိုက်ခိုက်ခြင်း ဖြစ်ကာ  ယင်းဖြစ်စဉ်၌ ယူကရိန်းစစ်သည်လေးဦးသေဆုံးကာ  သုံးဦးဒဏ်ရာ ရရှိကြောင်း ဝန်ကြီးဌာနက  နေ့စဉ်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ထိုကဲ့သို့ ကိုယ့်အချင်းချင်းပြန်ပစ်ခတ်မိမှုအများစုကို အနောက်အုပ်စုမှ ကြေးစားစစ်သားများက လုပ်ဆောင်ခြင်း ဖြစ်သည်ဟု    ရုရှား၏ဖမ်းဆီးခြင်းကို ခံရသည့် ယူကရိန်းနိုင်ငံဘက်မှ အင်္ဂလိပ်စကားပြော ကြေးစားစစ်သား တစ်ဦးက ပြောသည်။

ဖြစ်စဉ်တစ်ခုတွင်မူ   တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ပစ်ခတ်မှုက နှစ်နာရီနီးပါးကြာကြောင်း၊    နောက်ပိုင်း တွင် ၎င်းတို့အနေဖြင့်  ယူကရိန်းအထူးတပ်ဖွဲ့ကို   ပစ်ခတ်မိနေခြင်း ဖြစ်ကြောင်းနှင့်   ထိုသို့ဖြစ်ရသည်ကို   မယုံနိုင်ကြောင်း ကြေးစားစစ်သား ထရစ္စတန်နက်တယ်က ပြောသည်။

ထို့အတူ ယူကရိန်းတပ်ဖွဲ့များ တစ်ဖက်ကမ်းတွင်ရှိနေစဉ်  အခြားတစ်ဖက်ကမ်းရှိ ကြေးစားစစ်သားများက တံတားကို မိုင်းခွဲဖျက်ဆီးလိုက်သည့် ဖြစ်စဉ်မျိုးလည်းရှိကာ တစ်ဖက်နှင့်တစ်ဖက် အဆက်အသွယ် မရကြကြောင်း ၎င်းကဆက်ပြောသည်ဟု   သိရသည်။                                   

  Ref:RT