တရုတ် ဆိုင်နိုပက်ကုမ္ပဏီက ဟင်းချက်ဆီကို အသုံးပြုပြီး လေယာဉ်ဆီထုတ်လုပ်

တရုတ်နိုင်ငံရှိ ဆိုင်နိုပက်ကော်ပိုရေးရှင်းက နိုင်ငံအရှေ့ပိုင်းရှိ စက်ရုံတစ်ရုံမှနေ၍ ပထမဆုံးအကြိမ်အဖြစ်  ဟင်းချက်ဆီကို အသုံးပြုပြီး လေယာဉ်ဆီကို  ထုတ်လုပ်လိုက်နိုင်ကြောင်း အဆိုပါ နိုင်ငံပိုင်ကော်ပိုရေးရှင်းက ဇွန် ၂၈ ရက်တွင်  ထုတ်ပြန်ထားသည်။

ဆိုင်နိုပက်ကျန်ဟိုင်း ရေနံချက်နှင့်ဓာတု ကုမ္ပဏီအတွင်းရှိ  အဆိုပါ ဇီဝလေယာဉ်ဆီထုတ်လုပ်ရေးစက်ရုံသည်   အသုံးပြု ပြီးသားဟင်းချက်ဆီကိုအသုံးပြုကာ တစ်နှစ်လျှင် လေယာဉ်ဆီတန်ချိန်ပေါင်း ၁ သိန်းအထိ ထုတ်လုပ်နိုင်သည်။

ထို့ကြောင့်  နိုင်ငံပိုင် ဆိုင်နိုပက်ကုမ္ပဏီအနေဖြင့်  ဇီဝလေယာဉ်ဆီကို စီးပွားဖြစ် အမြောက်အမြား ထုတ်လုပ်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဇီဝလေယာဉ်ဆီသည် သာမန်လေယာဉ်ဆီများထက်   ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုကို   ထက်ဝက် ကျော်ကျော်အထိ   လျှော့ချနိုင်ကြောင်း ဆိုင်နိုပက်ကုမ္ပဏီက     ထုတ်ပြန်ထားသည်။

ဆိုင်နိုပက်ကုမ္ပဏီသည်   အဆိုပါ ဇီဝလေယာဉ်ဆီထုတ်လုပ်နိုင်ရေးအတွက် ၂၀၀၉ ခုနှစ်ကတည်းက  သုတေသနပြု လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင်   တရုတ်နိုင်ငံအတွက် ပထမဆုံးသော လက်တွေ့အသုံးပြုနိုင်သည့် ဇီဝလေယာဉ်ဆီထုတ်လုပ်ရေး အသိအမှတ်ပြု လက်မှတ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ်အရောက်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်   ဇီဝလေယာဉ်ဆီ လိုအပ်ချက်ပမာဏသည် လက်ရှိတွင် လီတာပေါင်း သုည ဒသမ ၁ ဘီလီယံသာရှိရာမှ  ၂ ဘီလီယံမှ ၆ ဘီလီယံကြားအထိ မြင့်တက် လာနိုင်ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီက   ၂၀၂၁  ခုနှစ် အကုန်ပိုင်းတွင် ခန့်မှန်းထားသည်။

Ref:CNA