ရောဂါကင်း၍ ပျော်ရွှင်ခြင်း ရှိကြပါစေ

ကမ္ဘာ့ကပ်ရောဂါဖြစ်ပေါ်လာရခြင်း အကြောင်းများကို အနှစ်ချုပ်လိုက်လျှင် အချက်ကြီးသုံးချက်သာရှိသည်။ လူသားတို့၏ လောဘ၊ ဒေါသ၊ မောဟလွန်ကဲခြင်းသည် ဆိုးကျိုးပွားများစေခြင်းဖြစ်သည်။ ကပ်ဟူသောစကားရပ်မှာ ပျက်စီးခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ နေ့စဉ်ဘုရားရှိခိုးတွင် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး စသည်တို့မှ ကင်းလွတ်အောင် ဆုတောင်းကြသည်။ ကပ်သုံးပါးဆိုသည်မှာ ငတ်မွတ်ခေါင်းပါးသောကပ်၊ လက်နက်ဘေးဒဏ်ဆိုက် ရောက်သောကပ်၊ ရောဂါဝေဒနာ ဆိုးကြုံနေရသောကပ်ဟူ၍ ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလမှစတင်၍ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ပိုမိုလျင်မြန်လာသည်။ အစိုးရတစ်ရပ်၏ ဆောင်ရွက်မှုနှင့် လုံလောက်မှုမရှိ ဖြစ်လာသောအခါ တပ်မတော်သည် စက်တင်ဘာ ၂၅ ရက်နေ့မှစ၍ ကူညီဖြည့်ဆည်း မှုများ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ပေးရသည်။ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအားလက်ခံပြီး ဆေးဝါးကုသပေးလျက်ရှိသည်။ မှော်ဘီမြို့နယ်ရှိ တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်၊ လှည်းကူးမြို့နယ် ရဲမွန်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၊  မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတို့တွင် ဆေးကုသပေးလျက်ရှိပြီး သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များကို နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်ကစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

လက်ရှိအနေအထားတွင်  ကမ္ဘာတစ်ဝန်း၌ ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ အတည်ပြုချက်များ မရရှိသေးသည့်အတွက် ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပေသည်။ မဖြစ်မနေကိစ္စရပ်များမှ အပ အပြင်မထွက်ဘဲနေခြင်းသည် အကောင်းဆုံးဖြစ်သည်။ ရောဂါဟန့်တားမှုတွင် ထိရောက်သော Mask များကို မဖြစ်မနေ တပ်ဆင်ကြရပေမည်။ ပြင်ပဈေးကွက်တွင် Mask များ ဈေးတင်ရောင်းချပြီး အရည်အသွေးမပြည့်မီသည့် Mask များရှိနေသည့်အတွက် တပ်မတော်မှအမှန်တကယ်ထိရောက်စွာ အကာအကွယ်ပေးနိုင်မည့် Mask များ ထုတ်လုပ်ကာ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသည်။ ငွေကြေးခက်ခဲမှုကြောင့် ဝယ်ယူရန်မတတ်နိုင်သူများကိုလည်း အခမဲ့ပေးဝေလျက်ရှိသည်။

တပ်မတော်သည် ပြည်သူလူထု၏ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ အမြဲမပြတ် စောင့်ကြည့်လျက်ရှိသည်။ မည်သည့်နေရာတွင် မည်သို့အကူအညီပေးရမည်ကို စီစဉ်လျက်ရှိသည်။ ကျန်းမာရေးအခြေအနေအရ အရေးပေါ် လိုအပ်လာပါက ယာယီဆေးရုံနှင့်ကျန်းမာရေးဌာနများ အမြန်ဆောက်လုပ်ပေးနိုင်ရေးကိုလည်း အသင့်စီမံထားရှိပြီး ဖြစ်သည်။ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆေးအကာအကွယ်ပေးပစ္စည်း များ ပို့ဆောင်ပေးလျက်ရှိသည့်အပြင် တပ်မတော်ရေယာဉ်များဖြင့် ဆေးရုံသင်္ဘောများ အသုံးပြုနိုင်ရေးကိုလည်း အသင့်ပြင်ဆင်ထားရှိကြောင်း သိရှိရသည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့်အခြားလိုအပ်ချက်များဆောင် ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၆ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးစီး၍ ကျင်းပပြုလုပ်သည်။ ထိုအစည်းအဝေးတွင် ဆွေးနွေးတင်ပြမှုများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် “နောက်တစ်ခုကတော့ အောက်ဆီဂျင်နှင့် ပတ်သက်လို့ တပ်မတော်မှာရှိတဲ့ အောက်ဆီဂျင်ထုတ်တဲ့ စက်တွေကောင်းဖို့လိုမယ်။  ပြီးလို့ရှိရင် အရပ်ဘက်မှာ လိုလို့ရှိရင် အောက်ဆီဂျင်အိုးတွေ လှူဖို့လိုမယ်။ တောက်လျှောက်ပို့ပေးနေဖို့လိုမယ်။ ခုအရပ်ဘက်မှာ အောက်ဆီဂျင် အိုးမပေးနိုင်ဘူးပြောတယ်။ တော်တော်အသက်ရှူရခက်တဲ့လူတွေပဲ အောက်ဆီဂျင်အိုးပေးနိုင်တယ်ဆိုပြီး Online မှာလျှောက်ရေးနေတာတွေ့တယ်။ ဟုတ်သည်မဟုတ်သည်မပြောလိုဘူး။ သို့သော် တပ်မတော်က အောက်ဆီဂျင်အိုးတွေပို့ပေးနိုင်ရင်အောက်ဆီဂျင်အိုးတွေပို့ပေးပါ...”

အသက်ရှူရခက်ခဲသူအတွက် အောက်ဆီဂျင်သည်မျှော်လင့်ချက်ဖြစ်သည်။ အောက်ဆီဂျင်ပေးလှူခြင်းသည် လွန်စွာမွန်မြတ် လှပေသည်။ တပ်မတော်သည် ပြည်သူတို့ အသက်ရှင်ရပ်တည်ရေး၊ ဘဝရှင်သန်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်မှာ အပြောမဟုတ်၊ အလုပ်ဖြင့်သက်သေပြလျက်ရှိသည်။ လူ့ဘဝရပ်တည်ရေးမှာ ရောဂါပျောက်ကင်းသော်လည်း စားဝတ်နေရေးကရှိသေးသည်။ ထိုစားဝတ်နေရေးနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “နိုင်ငံတွင်မရှိမဖြစ် လိုအပ်သည်မှာ စားသောက်ကုန်ပစ္စည်းများပင် ဖြစ်ကြောင်း၊ လူတိုင်းအသက်ရှင်ဖို့အတွက် စားသောက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် ပြည်သူတို့၏ စားရေးအဆင်ပြေစေရန်  အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်စက်ရုံ၊ အလုပ်ရုံများအနေဖြင့် စားကုန်သုံးကုန်များကို အဆက်မပြတ် ထုတ်လုပ်ဖြန့်ချိနိုင်ရမည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအတွင်း ကျရောက်လျက်ရှိသော ရောဂါဘေးဆိုးအန္တရာယ်မှ ပြည်သူတစ်ရပ်လုံးလွတ်ကင်းပြီး လူတိုင်းကျန်းမာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ရေးအတွက် တပ်မတော်သည် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။     ။