တစ်နှစ်ကို ကလေးအသေမွေးနှုန်းပိုတိုးလာစေနိုင်တဲ့ ကမ္ဘာ့ကပ်ရောဂါ

ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ဖို့ဆိုရင် စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရရော များစွာရင်းနှီး ပေးဆပ်ရပါတယ်။ ဒီလိုရင်းနှီးပြီးကာမှ မွေးလာတဲ့ကလေးက အသေဖြစ်နေတယ်၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်နေစဉ်မှာပဲ ကလေးက သေဆုံးသွားတယ်ဆိုရင် ပထမဆုံးရင်ကွဲမတတ် ခံစားရတာမိခင်ပါ။ ပြီးမှသာ မိသားစုက ဝမ်းနည်းပူဆွေးရတာ ဖြစ်ပါတယ်။

ကလေးအသေမွေးတယ်ဆိုတာ ကိုယ်ဝန်အပတ် ၂၀ နောက်ပိုင်းမှာ သေဆုံးနေတဲ့ ကလေးမွေးဖွားမှု ကိုဆိုလိုပါတယ်။ ကိုယ်ဝန်ဆောင်အယောက် ၂၀၀ မှာ တစ်ယောက်က ကလေးအသေမွေးနိုင်ပါ တယ်။ ဘာကြောင့်ကလေး အသေမွေးရတယ်ဆိုတာတော့ အကြောင်းပြချက် အတိအကျမရှိပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့ အချက်တွေတော့ ရှိပါတယ်။

အဲဒီအချက်တွေထဲမှာ ဘာတွေပါလဲဆိုရင် ခရိုမိုဆုမ်းမူမမှန်မှု၊ ချက်ကြိုးပြဿနာ၊ အချင်းပြဿနာ၊ မိခင်မှာ ဆီးချို၊ သွေးတိုးရောဂါအခံရှိမှု၊ မိခင်အာဟာရချို့တဲ့မှု၊ ကိုယ်ဝန်ဆောင်စဉ် ရောဂါကူးစက် ခံရမှု၊ ပိုးသတ်ဆေးတွေ၊ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့တွေနဲ့ ထိတွေ့ရမှုနဲ့ မိသားစုမှာ သွေးခဲ ရောဂါဖြစ်တဲ့ရာဇဝင်ရှိမှုတွေ ပါဝင်ပါတယ်။

ကိုယ်ဝန်ပုံစံမမှန်တာကြောင့် ချက်ကြိုးက ကလေးကိုပတ်နေတာမျိုးတွေ၊ ချက်ကြိုးထုံးနေတာမျိုး တွေကြောင့် သန္ဓေသားဟာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးနိုင်ပါတယ်။ သန္ဓေသားကို အာဟာရ ထောက်ပံ့ပေးနေတဲ့ အချင်းဆိုရင်လည်း အချိန်မတန်ခင် သားအိမ်နံရံကနေ ကွာကျလာမှုကြောင့် ကလေးအသေမွေးမှုကို ဖြစ်စေနိုင်ပါတယ်။ အာဟာရအလွန်အမင်း ချို့တဲ့ရင်လည်း အလားတူ အခြေအနေကို ဖြစ်ပေါ်စေပြန်ပါတယ်။

ဒီလိုအခြေအနေတွေမဖြစ်အောင် ကိုယ်ဝန်ကိုသက်ဆိုင်ရာဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးမှုတွေ မဖြစ် မနေလုပ်ဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ဟာ အစားမရှောင်ဘဲ အာဟာရပြည့်ဝအောင် စားဖို့ လိုအပ်ပါတယ်။ ဝင်ငွေနည်းတဲ့နိုင်ငံတွေမှာတော့ ကိုယ်ဝန်ကို အနိမ့်ဆုံးအဆင့် ကျွမ်းကျင်သားဖွား ဆရာမနဲ့ ပုံမှန်ပြသသင့်တယ်ဆိုတဲ့ အခြေခံဗဟုသုတ နည်းပါးကြတဲ့အပြင် အာဟာရချို့တဲ့မှုကြောင့်  ကလေး အသေမွေးမှုနှုန်း မြင့်တက်လာရတာပါ။

ကမ္ဘာပေါ်မှာ ကလေးအသေမွေးနှုန်းက တစ်နှစ်ကိုနှစ်သန်းနီးပါး ရှိပါတယ်။ ဆိုလိုတာက ၁၆ စက္ကန့် တိုင်းမှာ ကလေး အသေတစ်ယောက် မွေးဖွားနေတာပါ။ အခုတော့ ဒီလိုအခြေအနေတွေကိုပိုဆိုး စေမယ့် အကြောင်းတွေ ဖန်လာပြန်ပါပြီ။ အဲဒါကတော့ ယနေ့ကမ္ဘာပေါ်မှာ လူပေါင်း တစ်သန်း ကျော်ရဲ့ အသက်ကို နုတ်ယူထားပြီးဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုပါပဲ။

ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးအသေမွေးနှုန်းဟာ တစ်နှစ် ကိုနှစ်သန်းနီးပါးအပြင် နောက်ထပ် အယောက်နှစ်သိန်းအထိ ထပ်တိုးလာနိုင်တယ်လို့ ကုလသမဂ္ဂက အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန် သတိပေးလိုက်ပါတယ်။ ကလေးအသေမွေးမှု အများဆုံးက တော့ ဝင်ငွေနည်းနဲ့ ဝင်ငွေအလယ်အလတ်ရရှိတဲ့ နိုင်ငံတွေမှာဖြစ်ပြီး အသေမွေးလာတဲ့ ကလေး အရေအတွက်စုစုပေါင်းရဲ့ ၈၄ ရာခိုင်နှုန်းရှိပါတယ်။ အဲဒီနိုင်ငံတွေမှာ မွေးကင်းစကလေး စောင့် ရှောက်မှုဟာ တိုးတက်လာပေမယ့်လည်း သားဖွားဆရာမတွေကို လေ့ကျင့် သင်ကြားပေးမှု နည်းပါး ခြင်းနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာ ရှားပါးခြင်းတို့ကြောင့် ကလေးအသေမွေးနှုန်းက မြင့်တက်နေရ တာပါ။

ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း ကမ္ဘာပေါ်မှာ မွေးကင်းစကလေးနဲ့  ကိုယ်ဝန်ဆောင် မိခင်သေဆုံးမှု နှုန်းက ကျဆင်းသွားပေမယ့်လည်း ကလေးအသေ မွေးနှုန်းကတော့ မြင့်တက်နေဆဲဖြစ်ပါတယ်။ အများအားဖြင့် အာဖရိကတိုက်ရဲ့ ဆာဟာရကန္တာရတောင်ပိုင်းရှိ နိုင်ငံများနဲ့ အရှေ့တောင်အာရှ ဒေသရှိ နိုင်ငံများမှာ ကလေးအသေမွေးနှုန်း မြင့်တက်တာဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်း တွေဖြစ်တဲ့ ကုလသမဂ္ဂ ကလေးငယ်များရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့က ပူးတွဲ ထုတ်ပြန်ထားပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိတဲ့ ကျန်းမာရေးစနစ်တွေတောင်မှ ကိုဗစ်-၁၉ ရောဂါကြောင့် ယိုင်နဲ့နဲ့ဖြစ်နေ ချိန် ဖွံ့ဖြိုးမှုမရှိတဲ့နိုင်ငံတွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ ကျန်းမာရေးစနစ်တွေအတွက်ကတော့ ဆိုဖွယ် ရာမရှိပါဘူး။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဟာ ဝင်ငွေနည်းနိုင်ငံတွေနဲ့ ဝင်ငွေအလယ် အလတ်ရရှိတဲ့ နိုင်ငံတွေမှာရှိတဲ့ ကျန်းမာရေးစနစ်ရဲ့ ၅၀ ရာခိုင်နှုန်းကို ဆုတ်ယုတ်စေလိမ့် မယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်သတိပေး ထားတာပါ။

ကမ္ဘာပေါ်မှာ ကလေးအသေမွေးမှု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းက မီးဖွားနေစဉ်မှာဖြစ်တာဖြစ်တယ်လို့ ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။ ဒီလိုမီးဖွားနေစဉ် ကလေးသေဆုံးမှုကို အလွယ် တကူရှောင်ရှားနိုင်ပါတယ်။ အဓိကကတော့ သားဖွားဆရာမတွေကို ကောင်းစွာ လေ့ကျင့်သင်ကြား ပေးမှုနဲ့ အရေးပေါ် သားဖွားစောင့်ရှောက်မှု နည်းလမ်းတွေ ကောင်းစွာရှိစေဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့လည်း အခုလို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ သားဖွားဆရာမတွေကို ကောင်းစွာ လေ့ကျင့်ပေးနိုင်မှုက မရှိသလောက်ကို နည်းပါးစေပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ဝင်ငွေနည်းနိုင်ငံတွေမှာ အခြေခံလူတန်းစားတွေ အလုပ်လက်မဲ့ဖြစ်မှု၊ အစာရေစာ ပြတ်လပ်ငတ်မွတ် မှုတို့ကိုပိုဖြစ်စေတဲ့အတွက်လည်း ကလေးအသေမွေးမှုနှုန်းကို မြင့်တက်စေပြန်ပါတယ်။

တကယ်လို့သာ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုတွေ မရှိဘူးဆိုရင် ၂၀၃၀ ပြည့် နှစ်အရောက်မှာ ကမ္ဘာကြီးဟာ တစ်နှစ်ကို ကလေးအသေမွေးနှုန်း သန်း ၂၀ ကျော်နဲ့ ရင်ဆိုင်ရလိမ့် မယ်လို့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့က ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။

Ref: CAN