ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန်လ ၃၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလို လားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်ရှိ အင်းစိန်ပန်းခြံ၌ Teenager Killer Force (TKF)အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ကောင်းသီဟနိုင် (ခ)ဇင်ယော်၊ ငြိမ်းစုရည်ဖြိုး(ခ)ဝေယံ၊ မိုးပွင့်ဖြူ(ခ)လရောင်နှင့် ဝါဝါဦး(ခ) ပန်ပန်တို့ အား လည်းကောင်း၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ ဒေါနလမ်းသွယ်(၁)ရှိ အိမ် အမှတ်(၅)၌ ဉာဏ်လင်းထက်(ခ)ကိုဉာဏ်၊ အောင်မင်းခန့်(ခ)သခွားသီးနှင့် ထက်နန္ဒသိမ့် (ခ)နန္ဒ တို့အား လက်လုပ် Remote မိုင်း ၁ လုံး၊ Sound Box အတွင်း ထည့်သွင်းတပ်ဆင် ထားသည့် Remote မိုင်း ၁ လုံး၊ Keypad ဖုန်း ၁ လုံး၊ ကြယ်ဖြူတစ်လုံးပါ အလံ ၁ ခု တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ဇွန်လ ၁၆ ရက်တွင် သန့်ဇင်အောင်(ခ)TK Boss နှင့် အီးဝမ်း တို့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဧရာဝတီလမ်းပေါ်ရှိ ပွိုင့်ထိပ်မှတ်တိုင်အနီးတွင် မိုင်းထောင် ဖောက်ခွဲရန် လုပ်ဆောင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ တရားခံ ၂ ဦးသည် အနီးတွင် အသင့်ရပ်ထားသည့် ယာဉ်ပေါ်သို့ တက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယာဉ်ဖြင့်တိုက်၍ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် ခုခံပစ်ခတ်ဖမ်းဆီးခဲ့ရာ သန့်ဇင်အောင်(ခ)TK Boss အား လက်လုပ်မိုင်း ၁ လုံးနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး အီးဝမ်းအား အသေဖမ်းဆီးရမိ ခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိတရားခံ သန့်ဇင်အောင်(ခ)TK Boss ၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်း မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ တိုက်အမှတ်(၃၈၁)၊ အခန်းအမှတ်(A-5)သို့ သွားရောက် ရှာဖွေခဲ့ရာ Yangon Union Young Organization-YUYO အမည်ခံ အကြမ်းဖက်အဖွဲ့မှ လွင်ဦးမောင်နှင့် ချစ်ကိုကို(ခ)ချစ်မင်းလှိုင် တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၆ ဦး၊ မ ၄ ဦး၊ ပေါင်း ၁၀ ဦးတို့အား လက်လုပ် Remote မိုင်း ၂ လုံး၊ Sound Box အတွင်း ထည့်သွင်းတပ်ဆင်ထားသည့် Remote မိုင်း ၁ လုံး၊ Keypad ဖုန်း ၁ လုံး၊ ကြယ်ဖြူတစ်လုံးပါ အလံ ၁ ခုတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ငြိမ်းစုရည်ဖြိုး(ခ)ဝေယံ၊ မိုးပွင့်ဖြူ (ခ)လရောင်နှင့် ဝါဝါဦး(ခ)ပန်ပန်၊ ဉာဏ်လင်းထက်(ခ)ကိုဉာဏ်နှင့် အောင်မင်းခန့်(ခ) သခွားသီး တို့သည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ မြို့နယ်အတွင်းရှိ TNLA အဖွဲ့၊ တပ်မဟာ(၆)တွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းအား ၁၀ ရက် တက်ရောက်ခဲ့ကြောင်း၊ ဇူလိုင်လတွင် ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် TKF အမည်ခံအကြမ်းဖက်အဖွဲ့အား ငြိမ်းစုရည်ဖြိုး(ခ)ဝေယံ ခေါင်းဆောင်၍ ကောင်းသီဟနိုင်(ခ)ဇင်ယော်၊ မိုးပွင့်ဖြူ(ခ) လရောင်နှင့် ဝါဝါဦး(ခ)ပန်ပန်၊ ဉာဏ်လင်းထက်(ခ)ကိုဉာဏ်နှင့် အောင်မင်းခန့်(ခ) သခွားသီး၊ ထက်နန္ဒသိမ့်(ခ)နန္ဒ တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ဒီဇင်ဘာလတွင် YUYO အမည်ခံ အကြမ်းဖက်အဖွဲ့အား ဖမ်းဆီးရန်ကျန် တရားခံ ကြောင်နက် မှ ခေါင်းဆောင်၍ လွင်ဦးမောင်နှင့် ချစ်ကိုကို(ခ)ချစ်မင်းလှိုင် တို့အပါအဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ TKF နှင့် YUYO အမည်ခံအကြမ်းဖက် အဖွဲ့များသည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု ၁ ကြိမ်၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၆ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

  • ၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်တွင် တရားခံ ချစ်ကိုကို(ခ)ချစ်မင်းလှိုင် သည် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ရစဖမှူး ဦးလှမိုး အား လုပ်ကြံသတ်ဖြတ် ခဲ့ကြောင်း၊ ထိုသို့ လုပ်ကြံသတ်ဖြတ်ရခြင်းမှာ ဧပြီလ ၅ ရက်တွင် အင်းစိန် မြို့နယ်၊ BOC မှတ်တိုင်အနီးတွင် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် သီရိဝေ(ခ)မဝေ အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏သားဖြစ်သူ သန့်ဖုန်းဝေယံ၊ ၃ နှစ်မှာ အုပ်ထိန်းသူမရှိ ဖြစ်နေသောကြောင့် သီရိဝေ(ခ)မဝေ၏ သဘောဆန္ဒအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အလုံမြို့နယ်၊ စက်တွင်းလမ်းရှိ Best Choice မူကြိုကျောင်းမှ သွားရောက်ခေါ်ယူကာ မိခင်နှင့်အတူ နေထိုင်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် တရားခံ ချစ်ကိုကို(ခ)ချစ်မင်းလှိုင် သည် အဆိုပါ ဖြစ်စဉ်ကို သိရှိခြင်းမရှိဘဲ ရစဖမှူး ဦးလှမိုး အား ရန်ညှိုးထားရှိကာ လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် လွင်ဦးမောင်နှင့် ချစ်ကိုကို(ခ)ချစ်မင်းလှိုင် တို့သည် ကြည့်မြင်တိုင်မြို့နယ်ရှိ မြို့နယ်တရားရုံးရှေ့၌ လည်းကောင်း၊ ယမုံနာ ဈေးတွင် လည်းကောင်း လက်လုပ်မိုင်း ၂ လုံး ဖောက်ခွဲခဲ့ကြောင်း။
  • မတ်လ ၃၁ ရက်တွင် လွင်ဦးမောင်နှင့် ချစ်ကိုကို(ခ)ချစ်မင်းလှိုင် တို့သည် ကြည့်မြင်တိုင်မြို့နယ်ရှိ ဟံသာဝတီမီးရထားဘူတာရှေ့ရှိ ဟံသာဝတီဂတ်စ်ဆိုင် အနီးတွင် လည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ် ရဲစခန်းဝန်းအတွင်း၌ လည်းကောင်း လက်လုပ်မိုင်း ၂ လုံး ဖောက်ခွဲခဲ့ကြောင်း။
  • ဧပြီလ ၁၃ ရက်တွင် လွင်ဦးမောင်နှင့် ချစ်ကိုကို(ခ)ချစ်မင်းလှိုင် တို့သည် ကြည့်မြင်တိုင်မြို့နယ်၊ ဦးကြွယ်ဟိုးလမ်းရှိ အပြစ်မဲ့ပြည်သူတစ်ဦး၏ နေအိမ် ရှေ့တွင် လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲခဲ့ကြောင်း။
  • ဇွန်လ ၁၆ ရက်တွင် သန့်ဇင်အောင်(ခ)TK Boss သည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဧရာဝတီလမ်းရှိ ရဲကင်းရုံအား လက်လုပ်မိုင်း ၁ လုံး ပစ်ခတ်ဖောက်ခွဲ ခဲ့ကြောင်း။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင် ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများပေးအပ် ချီးမြှင့်လျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။