ကမ္ဘာ့သမုဒ္ဒရာကြမ်းပြင်၌ ပလတ်စတစ်ညစ်ညမ်းမှုက ရေပြင်ပေါ်၌ညစ်ညမ်းမှုထက် နှစ်ဆရှိ

ကန်ဘာရာ၊ သုတေသန

ကမ္ဘာ့သမုဒ္ဒရာကြမ်းပြင်၌ ပလတ်စတစ်ညစ်ညမ်းမှုက ရေပြင်ပေါ်၌ညစ်ညမ်းမှုထက်နှစ်ဆရှိကြောင်း သြစတြေးလျ သိပ္ပံပညာရှင်များ၏ သုတေသနတစ်ခုတွင် ဖော်ပြထားသည်။ ကမ္ဘာ့သမုဒ္ဒရာ ကြမ်း ပြင်၌ အလွန်သေးငယ်သည့် ပလတ်စတစ်တန်ချိန်ပေါင်း ၁၄ သန်းခန့်ရှိနေကြောင်း သြစတြေးလျ နိုင်ငံရှိ ဓနသဟာယသိပ္ပံနှင့် စက်မှုလုပ်ငန်း သုတေသနအဖွဲ့၏ လေ့လာမှုတွင် ဖော်ပြထားသည်။

အဆိုပါ လေ့လာမှုသည် အလွန်နက်ရှိုင်းသည့် သမုဒ္ဒရာကြမ်းပြင်၌ ပလတ်စတစ်ညစ်ညမ်းမှုပမာဏ အတွက် ကမ္ဘာ့ပထမဆုံး ခန့်မှန်းချက်ကို ထွက်ပေါ်လာစေခြင်း ဖြစ်သည်။ ယင်းအဖွဲ့သည် သြစတြေးလျနိုင်ငံ၏ တောင်ပိုင်း ကမ်းရိုးတန်းဒေသရှိ ဝေးလံခေါင်ဖျားသော နေရာများ၌ စက်ရုပ် ရေငုပ်သင်္ဘောတစ်စင်းကို အသုံးပြုရယူထားသော နမူနာများကို လေ့လာခြင်းဖြစ်သည်။

ယခုတွေ့ရှိသည့် အလွန်သေးငယ်သော ပလတ်စတစ်ပမာဏသည် ယခင်လေ့လာမှုများထက် ၂၅ ဆ ပိုများနေသည်ကိုလည်း တွေ့ရသည်။ သမုဒ္ဒရာအတွင်းလမ်းဆုံးသွားသည့် ပလတ်စတစ်များသည်   ယိုယွင်းပျက်စီးလာပြီး အလွန်သေးငယ်သော ပလတ်စတစ်ဘဝသို့ ပြောင်းသွားကြောင်း၊ ထိုပလတ် စတစ်များသည် နောက်ဆုံးတွင် သမုဒ္ဒရာကြမ်းပြင်သို့ နစ်မြုပ်သွားကြောင်း၊ အလွန်နက်ရှိုင်းသော သမုဒ္ဒရာ ကြမ်းပြင်သည်လည်း ပလတ်စတစ်ညစ်ညမ်းမှုကို ခံနိုင်ရည်မရှိကြောင်း ဦးဆောင် သုတေသီ ဂျက်စတင်းဘားရက်က ပြောသည်။

ယခုတွေ့ရှိမှုသည် သဘာဝပတ်ဝန်းကျင်အတွင်းသို့ ပလတ်စတစ်များနှင့် အမှိုက်များဝင်လာမှုကို တားဆီးနိုင်ရေးအတွက် အမှိုက်စွန့်ပစ်မှုနည်းလမ်းများကို ဆန်းသစ်ရန်နှင့် အပြုအမူများကို ပြောင်း လဲနိုင်ရန် တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်မည်ဖြစ်ကြောင်း ပူးတွဲသုတေသီဖြစ်သည့် ဒန်းနစ်ဟာ ဒက်စတီကပြောသည်။

ထို့ပြင် တစ်ခါသုံးပလတ်စတစ်များ အသုံးပြုမှုကို ရှောင်ရှားခြင်း၊ အမှိုက်များကို စနစ်တကျစွန့် ပစ်ခြင်းဖြင့် ပလတ်စတစ်အမှိုက်များ သမုဒ္ဒရာများတွင် အဆုံးသတ်မှုကို လျှော့ချပေးနိုင်ကြောင်း ၎င်းကပြောသည်ဟု သိရသည်။

Ref: Global Times