(၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် ရွှေတံဆိပ် ၁၀ ခုကျော်ရဖို့ မျှော်မှန်းထား

(၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် ရွှေတံဆိပ် ၁၀ ခုကျော်ရဖို့ မျှော်မှန်းထား

(၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၌ ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်အထိ အားကစားနည်း ၁၄ မျိုးဖြစ်သည့် မြားပစ်၊ ပြေးခုန်ပစ်၊  ကြက်တောင်၊ Boccial၊  စစ်တုရင်၊  ဘောလုံး၊  Goalbal၊ ဂျူဒို၊ အလေးမ၊ ထိုင်လျက်ဘော်လီဘော၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ဝှီးချဲဘတ်စကက်ဘောနှင့်  ဝှီးချဲတင်းနစ် အားကစားနည်းတို့ ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ အားကစားနည်း ခုနစ်နည်းဖြစ်သည့် ပြေးခုန်ပစ်၊  ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ ခုနစ်ယောက်တစ်ဖက် ဘောလုံး၊ မျက်မမြင်ဂိုးဘော၊ အလေးမနှင့် မြားပစ်အားကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။ အဆိုပါ (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲအတွက် လေ့ကျင့်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးမျိုးမြင့်(ငြိမ်း)ကို တွေ့ဆုံမေးမြန်းခဲ့ရာတွင်-

မေး။  (၁၁) ကြိမ်မြောက်  အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပဖို့ အချိန်နီးကပ်လာနေပြီဖြစ်ပါတယ်။ ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း ဖြေကြားပေးစေလိုပါတယ်။ 

ဖြေ။   (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲအတွက်  ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ လေ့ကျင့်ရေး အားကစားကွင်းရုံတွေမှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်မှစတင်ကာ စခန်းသွင်းလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်မည့် အားကစား များကိုလည်း   အားကစားနည်းအလိုက် တစ်လတစ်ကြိမ် စံချိန်ယူခြင်းများကို မြန်မာ့ လက်ရွေးစင်နည်းပြများနဲ့ စနစ်တကျ လေ့ကျင့်ဆောင်ရွက်နေပါတယ်။

မေး။  ပြိုင်ပွဲသို့ အားကစားနည်းအလိုက် သွားရောက်ယှဉ်ပြိုင်ရန် ခန့်မှန်းလျာထား သည့်အုပ်ချုပ်/နည်းပြ၊ အားကစားသမား အရေအတွက် ခန့်မှန်းစာရင်းလေးကိုလည်း သိပါရစေ။                                       

ဖြေ။   အာဆီယံစံချိန်တွေနဲ့  ချိန်ထိုးပြီး ပိုကောင်းအောင် လေ့ကျင့်နေပါတယ်။ မြန်မာ နိုင်ငံမှ အားကစားနည်း ခုနစ်နည်းဖြစ်တဲ့ ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ ခုနစ်ယောက် တစ်ဖက်ဘောလုံး၊ မျက်မမြင်ဂိုးဘော၊ အလေးမနှင့် မြားပစ် အားကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ပြီး ပြိုင်ပွဲအတွက် ပြေးခုန်ပစ် အားကစားနည်းတွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီးလေးဦး၊   ရေကူး အားကစားနည်းတွင် အမျိုးသားခုနစ်ဦး၊ ထိုင်လျက်ဘော်လီဘော အားကစားနည်းတွင် အမျိုးသား ၁၂ ဦး၊ မြားပစ်အားကစားနည်းတွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ခုနစ်ယောက်တစ်ဖက် ဘောလုံးပြိုင်ပွဲတွင်  အမျိုးသား ၁၄ ဦး၊ မျက်မမြင်ဂိုးဘော အားကစားနည်းတွင် အမျိုးသားခြောက်ဦး၊ အမျိုးသမီးခြောက်ဦးနှင့်   အလေးမ အားကစားနည်းတွင် အမျိုးသားနှစ်ဦး၊    အမျိုးသမီးနှစ်ဦး အုပ်ချုပ်နည်းပြ ၂၄ ဦးနှင့် အားကစားသမား ၆၉ ဦးတို့ သွားရောက်ယှဉ်ပြိုင် ကစားမှာဖြစ်ပါတယ်။

မေး။  ကြိုတင်ပြင်ဆင်လေ့ကျင့်ထားမှု အခြေအနေအရ အားကစားနည်းအလိုက် ခန့်မှန်း

ဆုတံဆိပ်အရေအတွက်နှင့် ယခင်ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ဆု အရေအတွက်    နိုင်ငံလိုက် အဆင့်ရရှိမှုလေးကို သိပါရစေ။

ဖြေ။   (၁၀)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပရန်    စီစဉ်ဆောင်ရွက်ထားခဲ့သော်လည်း ကိုဗစ်-၁၉ ကြောင့် ပွဲဖျက်ခဲ့ရ တယ်။  မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၉)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေ ၁၁ ခု၊  ငွေ ၁၅ ခုနှင့်ကြေး ၁၇ ခု စုစုပေါင်း ၄၃ ခု ရပြီး နိုင်ငံအလိုက်   အဆင့် ခြောက်ရရှိခဲ့ပါတယ်။

(၁၁)ကြိမ်မြောက်က ကိုဗစ်-၁၉ ကြောင့်   သုံးနှစ်ကျော် နားလိုက်ရတော့ အားကစားသမား တချို့ဆုံးတာရယ်၊ အသက်ကြီးသွားတာရယ်၊ မလာနိုင်တော့တဲ့ အတွက်ကြောင့် ၁၄ မျိုးမှ ခုနစ်မျိုးပဲ ပါဝင်ယှဉ်ပြိုင်ရပါတယ်။ ရွှေတံဆိပ် ၁၀ ခု ကျော်ရဖို့ မျှော်မှန်းထားပါတယ်။

မေး။  စခန်းသွင်းထားတဲ့ အားကစားသမားတွေကို ကြိုတင်ပြင်ဆင် စခန်းသွင်းထားတဲ့ အခါ ပြည်တွင်းနည်းပြတွေနဲ့ပဲ လေ့ကျင့်တာလား၊ နိုင်ငံခြား အဆင့်မြင့်နည်းပြတွေ ငှားရမ်းလေ့ကျင့်တာရော ရှိ/မရှိသိလိုပါတယ်။

ဖြေ။   နိုင်ငံခြားနည်းပြ ငှားရမ်းလေ့ကျင့်မှု မရှိပါဘူး။ တရုတ်ကို  Joint Training လည်း ယခင်ကလို မလွှတ်ခဲ့ရဘူးပေါ့။

မေး။  အားကစားနည်းအလိုက် အားကစားသမားတွေကို စိစစ်ရွေးချယ်တဲ့အခါ စံချိန်စံညွှန်းအပေါ်မှာ မူတည်ပြီး ရွေးချယ်တာလား၊   ဒါမှမဟုတ်   စံချိန်စံညွှန်းမရှိတဲ့ အားကစားနည်းတွေ အတွက်ရော ဘယ်လို စိစစ်ရွေးချယ်တယ်ဆိုတာ သိပါရစေ။

ဖြေ။   ယခင်အာဆီယံပြိုင်ပွဲတွေမှာ ရရှိခဲ့ကြတဲ့ရွှေ၊ ငွေ၊ ကြေးစံချိန်တွေနဲ့ ချိန်ထိုးပြီး လူရွေးရတာဖြစ်ပါတယ်။ အဖွဲ့လိုက်တွေလည်း Team Work ကောင်းအောင် လေ့ကျင့်ပေးရပါတယ်။

မေး။  ပြိုင်ပွဲကြီးအတွက် စခန်းဝင်ရောက်နေတဲ့ အားကစားသမားတွေကို နိုင်ငံတော် အနေနဲ့  ဘယ်လိုကျွေးမွေး ထောက်ပံ့ပေးနေသလဲ ဆိုတာလည်း သိရှိလိုပါတယ်။

ဖြေ။   စခန်းသွင်းနည်းပြနဲ့အားကစားသမားတွေကို နိုင်ငံတော်က  တစ်နေ့စားစရိတ် ငွေကျပ် ၃၀၀၀ နှုန်းထောက်ပံ့ပေးရာက ဒီနှစ်တော့ တစ်ဦးကို ငွေကျပ် ၅၀၀၀ နှုန်း ပေးပါတယ်။

မေး။  ပြိုင်ပွဲကြီးပြီးတဲ့အခါ    နိုင်ငံ့ဂုဏ်ဆောင်ပြီး   ဆုတံဆိပ်ရရှိခဲ့တဲ့ အားကစား သမားတွေကို နိုင်ငံတော်က ချီးမြှင့်ထောက်ပံ့ပေးမယ့် အခြေအနေတွေကိုလည်း သိပါရစေ။

ဖြေ။   ပြိုင်ပွဲကြီးပြီးရင် (၃၁)ကြိမ်မြောက် ဆီးဂိမ်းလိုပဲ ရွှေ သိန်း ၃၀၀၊ ငွေသိန်း ၂၀၀၊ ကြေး သိန်း ၁၀၀ နိုင်ငံတော်က မသန်စွမ်း ဆီးဂိမ်းသွားရောက် ယှဉ်ပြိုင်ပြီး ဆုရရှိတဲ့ အားကစားသမားတွေကိုလည်း ချီးမြှင့်ပေးမယ်လို့ သိရပါတယ်။   နည်းပြတွေလည်း သိန်းရာချီရမှာဆိုတော့ အားကစားသမားတွေ အတွက် အားဖြစ်စေပါတယ်။ ဘဝအာမခံချက် ပါရကြမှာဖြစ်လို့ ကောင်းပါတယ်။

မေး။  ပြိုင်ပွဲကြီးနဲ့ပတ်သက်ပြီး သီးခြား ပြောလိုတာရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ။   သီးခြားပြောလိုတာက ဗီယက်နမ်နိုင်ငံက(၃၁)ကြိမ်မြောက်  SEAGames  ပြီးရင်  (၁၁)ကြိမ်မြောက် PARA SEA Games ဆက်လုပ်ရမှာကို နီးမှ ဗီယက်နမ် ကမလုပ်နိုင်တော့ကြောင်း ကြေညာပြောလာလို့  အင်ဒိုနီးရှားနိုင်ငံက အစားထိုး ကျင်းပခဲ့ရပါတယ်။  ကျွန်တော်တို့နိုင်ငံအနေနဲ့ မသန်စွမ်း အားကစားသမားတွေကိုလည်း အသိအမှတ်ပြု အားပေးကြပါလို့ ပြောကြားလိုပါတယ်။   ။

ကျော်လွင်