နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

ယမန်နေ့မှအဆက်

ရွှေတြိဂံသတင်းလွှာဂျာနယ်မှ သတင်းထောက် ဦးထွန်းထွန်းဝင်း(ခ)ကိုထွန်း(မိုင်းဖြတ်)က ယခုလပိုင်းများတွင် အာဆီယံ နိုင်ငံတချို့က ပြင်းပြင်းထန်ထန်ဝေဖန်ခြင်း၊ ယခုထက်ပိုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အရေးယူပေးရန် ပြောလာခြင်း များ မိမိတို့ တွေ့ရပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းလိုလိုကလည်း NUG နှင့် ပေါ်ပေါ်တင်တင် ပြောင်ကျကျတွေ့ဆုံခြင်း သော်လည်းကောင်း၊ သို့မဟုတ် တရားဝင် မထုတ်ပြန်ဘဲ တွေ့ဆုံခြင်းမျိုးများ ရှိနေပါကြောင်း၊ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရှိ တချို့အကြံပေးပုဂ္ဂိုလ်များက လည်း ယခုထက်ပိုပြီးဖြစ်လာမည်ဆိုလျှင် အာဆီယံအစုအဖွဲ့မှ ထွက်ရန်အကြံပေးခြင်းများကိုလည်း မိမိတို့တစ်ဆင့်စကားများမှ ကြားသိရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် အာဆီယံထဲမှ ထွက်မည်ဆိုသည့် စဉ်းစားချက်မျိုး ရှိ/မရှိသိလိုကြောင်း၊ အနောက်နိုင်ငံများဖြစ်သည့် EU နိုင်ငံများ အပါအဝင် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးတွင်လည်း သံတမန်ရေးရာ လျှော့ချခြင်းများကိုလည်း မိမိတို့တွေ့နေရကြောင်း၊ ယခုရက်ပိုင်းတွင် ပိုမိုဖြစ်နေသည်မှာ Statement War ဖြစ်ကြောင်း၊ တစ်နိုင်ငံ နှင့်တစ်နိုင်ငံ Statement များထုတ်ပြီး ကန့်ကွက်နေခြင်းများ၊ အပြန်လှန်ထုတ်ပြန်နေခြင်းများကို  မိမိတို့ တွေ့နေရပါကြောင်း၊ လန်ချန်း-မဲခေါင်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ပြောကြားသွားသည်များလည်း ရှိကြောင်း၊ ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးလာမည်၊ ၎င်းပြင် အာဆီယံနှင့် ပတ်သက်သည့် နိုင်ငံခြားရေးဝန်ကြီးများလည်း လာမည်ဟု ဗိုလ်ချုပ်ပြော၍ မိမိတို့သိရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနှင့် အာဆီယံမှထွက်မည်ဆိုသည့် စဉ်းစားချက် ရှိ/မရှိနှင့် လန်ချန်း-မဲခေါင်ကဲ့သို့ ဥအ့နမ ဏူအေ်သမာ များကိုအသုံးပြု၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် အစီအစဉ်ရှိ^မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  နိုင်ငံခြားဆက်ဆံရေးနှင့် ပတ်သက်၍  မူဝါဒများလည်းရှိပါကြောင်း၊    အခြေခံဥပဒေပါ မူဝါဒများနှင့်အညီ မိမိတို့ကြိုးစားဆောင် ရွက်လျက်ရှိကြောင်း၊ အာဆီယံ၏ပဋိညာဉ် စာတမ်းပါ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် အာဆီယံ၏ အစဉ်အလာပြဋ္ဌာန်းချက်ကို ယုံကြည်သက်ဝင်၍ ၁၉၉၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ အဖွဲ့ဝင် နိုင်ငံအဖြစ် မဝင်ခင်ကလည်း စဉ်းစားချက်များ များစွာရှိကြောင်း၊ ထိုအချိန်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရလက်ထက်တွင် အာဆီယံအဖွဲ့သို့ဝင်ရေး၊ မဝင်ရေးနှင့်ပတ်သက်၍ စဉ်းစားချက်များစွာလည်း ရှိပါကြောင်း၊ အာဆီယံနိုင်ငံအဖြစ်ဝင်နိုင်ရန် အကူအညီပေးသည်မှာ မလေးရှား နိုင်ငံဝန်ကြီးချုပ်   ဒေါက်တာမဟာသီယာက အကူအညီပေးခြင်းဖြစ်ကြောင်း၊ ထိုအချိန်မှစပြီး ကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများနှင့် ပတ်သက်၍   အာဆီယံအဖွဲ့ဝင်တချို့၏   ပြောဆိုချက်၊ လုပ်ဆောင်ချက်များသည် အာဆီယံပဋိညာဉ်စာတမ်းပါမူများ၊ လုပ်ထုံးလုပ်နည်းများ၊ အစဉ်အလာများနှင့် ကွဲလွဲနေသည်များကိုလည်း မိမိတို့တွေ့ရပါကြောင်း၊ အာဆီယံ ပဋိညာဉ်စာတမ်း  အပိုဒ် ၂ တွင်ပါသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအားလုံး၏ လွတ်လပ်ခွင့်၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူညီတူရှိမှု၊ နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့်  အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာရန်ဆိုသည့် ပြဋ္ဌာန်းချက်များကိုလည်း ကျော်လွန်ပြီး လုပ်ဆောင်နေသည်များကိုလည်းတွေ့ရပါကြောင်း၊ အပိုဒ် ၅  တွင်ပါသည့်  အဖွဲ့ဝင်နိုင်ငံများသည် တူညီသည့်အခွင့်အရေးနှင့် တာဝန်များရှိရမည်ဆိုသည့် ပြဋ္ဌာန်းချက်နှင့်လည်း ကိုက်ညီမှုမရှိသည့်အတွက်   ထိုအကြောင်းအရာ များကို မြန်မာနိုင်ငံက အမြဲတမ်းထောက်ပြကန့်ကွက်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း  အပိုဒ် ၂ တွင် ရှင်းလင်း စွာဖော်ပြထားသည့် နိုင်ငံများ၏ အချုပ်အခြာအာဏာ တန်းတူညီမျှမှုစည်းမျဉ်းများ လိုက်နာရန် ပျက်ကွက်လျက်ရှိနေသည်များ ကိုလည်း  အသိပေးကန့်ကွက်လျက် ရှိပါ ကြောင်း၊     အာဆီယံနိုင်ငံများအထဲက မည်သည့်နိုင်ငံများက   မြန်မာနိုင်ငံနှင့်ပတ်သက်၍ အမြဲတမ်း ဝေဖန်မှုများ လုပ်နေသည်၊  အမြဲတမ်းကန့်ကွက်နေသည်ဆိုသည် ကိုလည်း မိမိတို့တွေ့ရမည် ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်းဒေသနှင့်ပတ်သက်၍ မဲခေါင်-လန်ချန်းအစည်းအဝေးကို မြန်မာနိုင်ငံတွင် မိမိတို့ ဆောင်ရွက်နိုင်ခြင်းသည် မဲခေါင်မြစ်ဝှမ်း နိုင်ငံများ၏   တပေါင်းတစည်းတည်းရှိမှုကို ပြသခြင်းဖြစ်သည်ဟု မိမိပြောခဲ့ပါကြောင်း၊ ထိုစကား၏နောက်ကွယ်တွင် အဓိပ္ပာယ်အများကြီး ရှိပါကြောင်း၊ မိမိတို့အနေနှင့် အမျိုးသား အကျိုးစီးပွားအတွက်  သင့်တော်သည့်တုံ့ပြန်မှုများကို အာဆီယံပဋိညာဉ်စာတမ်း၏နောက်ဆက်တွဲ သဘောတူညီချက်၊  ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ  ပြဋ္ဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံက ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ သတင်းထောက်ကြီး မေးမြန်းသည့်မေးခွန်းနှင့်ပတ်သက်၍ ပြောရမည် ဆိုလျှင် နိုင်ငံခြားဆက်ဆံရေး နိုင်ငံတကာဆက်ဆံရေးတွင် ထင်ရှားသည့် စကားနှင့်သာ   မိမိပြောလိုပါကြောင်း၊ နိုင်ငံခြားဆက်ဆံရေး နိုင်ငံတကာဆက်ဆံ ရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရရန်သူဟူ၍ မရှိပါကြောင်း၊ ထာဝရအကျိုးစီးပွားဖက်ဆိုသည်သာရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေနှင့်လည်း ထာဝရအကျိုးစီးပွား ကိုသာကြည့်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏အကျိုးစီးပွား မြန်မာပြည်သူလူထု၏ အကျိုးစီးပွား၊ ထာဝရအကျိုးစီးပွားကိုသာ မိမိတို့လက်ကိုင်ထားပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

ရွှေတြိဂံသတင်းလွှာဂျာနယ်မှ သတင်းထောက် ဦးထွန်းထွန်းဝင်း (ခ)ကိုထွန်း (မိုင်းဖြတ်)က  မိမိမေးခဲ့သည့်  Other Platform များကိုအသုံးပြုရန် ရှိ/မရှိကိစ္စကို သိလိုပါကြောင်း   ထပ်မံမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိလည်းအသုံးပြုလျက်ရှိပါကြောင်း၊     ဒေသ အတွင်း ထိုသို့  PlatForm များသာမက မကြာသေးမီအချိန်က ဥရောပ-အာရှ စီးပွားရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်နိုင်ရေး မိမိတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးများကလည်း ရုရှားနိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများ၌ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊   ထို့ပြင် တချို့သော  ကမ္ဘာ့အဖွဲ့အစည်း များတွင်လည်း မိမိတို့ဝင်ရောက်နိုင်ရန်၊ တခြားသော နည်းလမ်းများနှင့် ဝင်ရောက်နိုင်ရေး တခြားသောအဖွဲ့အစည်းများတွင် ဝင်ရောက်နိုင်ရန် မိမိတို့ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော်တိုင်း အွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဦးမင်းမောင်က မြန်မာနိုင်ငံအာဆီယံ အထူးကိုယ်စားလှယ် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံမှဝန်ကြီး နိုင်ငံ ခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး   နေအိမ်တွင်   ပြန်လည်ရွှေ့ပြောင်းထားရှိရန်အတွက်  စာတစ်စောင် ထွက်ရှိလာသည်ကို    တွေ့ရကြောင်း၊ ယင်းနှင့်ပတ်သက်၍     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  မည်သို့သဘောထားမှတ်ချက်ရှိသည်ကို   သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ မိမိအား အတော်များများမေးပြီး ဖြစ်ကြောင်း၊  ယခင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ပြီး မိမိအနေဖြင့်  ပုံသေတစ်ခုသာဖြေကြားခဲ့ကြောင်း နံပါတ် ၁ အချက်မှာ ဥပဒေအထက်တွင်   မည်သူမျှမရှိကြောင်း၊ နေရာပြောင်းရွှေ့ထားသည့် အခါတွင်လည်း ယခင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်း စုကြည်၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး အထူးတလည် စောင့်ရှောက်မှုများ ပြုလုပ်ထားကြောင်း၊ အဓိကအားဖြင့် လုံခြုံရေးနှင့်ပတ်သက်သည့် ကိစ္စများ၊ တရားရုံးထုတ်သည့်အချိန်တွင် ပိုမိုအဆင်ပြေစေရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥပဒေအထက်တွင် မည်သူမျှမရှိဟု မိမိအနေဖြင့် ပြောလိုကြောင်း ဖြေကြားသည်။

NHP သတင်းဌာနမှ သတင်းထောက် နန်းစုစုစံက   တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်သည့် မေးခွန်းကို မေးမြန်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရသည် ယနေ့တွင် CDM ပညာရေးဝန်ထမ်းများနှင့် PDF များသာမက အကြမ်းဖက်နိုင်ငံရေး လှုံ့ဆော်သူများကြောင့် နေရပ်စွန့်ခွာပြီး လမ်းမှားပေါ်ရောက်နေသည့် လူငယ်လူရွယ် CDM ဝန်ထမ်းများအပါအဝင် အားလုံးကိုပြန်လည်ဖိတ်ခေါ် နေသည်ကိုတွေ့မြင်ရကြောင်း၊ တစ်ဖက်တွင်လည်း ပြည်ပနိုင်ငံတချို့၏ သွေးထိုး ပါဝင်ပတ်သက်မှုများကြောင့် ဥကရစ်ထတိုက်ပွဲများကဲ့သို့ဖြစ်စဉ်များ ပေါ်ပေါက်လာ သည်ကို တွေ့မြင်ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့်  ပြည်သူ့ဘဝကို   ပြန်လည်ခံယူလိုသူများအတွက်  လုံခြုံရေးအာမခံချက် မည်မျှအထိ တာဝန်ယူပေးမည်ဆိုသည်နှင့် ပြည်ပနိုင်ငံများ၏စွက်ဖက်မှုပါဝင်လာသည့် တိုက်ပွဲများ နောင်တွင်ရှိ မလာရန် မည်ကဲ့သို့ တာဝန်ယူသွားမည်ကိုသိလိုကြောင်း၊ ယနေ့ ဖြစ်ပေါ်နေသည့် အနယ်နယ် အရပ်ရပ်က ခိုးဆိုးလုယက်မှုများ၊ အာဏာပါဝါသုံးပြီး ဥပဒေမဲ့ပြုကျင့်နေသည့် ကိစ္စရပ်များအပေါ် ထိထိရောက်ရောက် အရေးယူနိုင်ရန်အတွက် မည်သို့စီမံဆောင်ရွက်နေသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက      မိမိတို့ ပြန်လည်ဖိတ်ခေါ်ခဲ့သည့်အထဲတွင်လည်း ပါဝင်ပြီးဖြစ်ကြောင်း၊ ပြည်သူ့ဘဝ လုံခြုံအေးချမ်းစွာ နေနိုင်ရေးအတွက် အာမခံပြီးဖြစ် ကြောင်း၊ PDF အဖွဲ့များ  အနယ်နယ်အရပ်ရပ်မှ အလင်းဝင်ရောက်လာသည်မှာ ၂၀၅ ဦးဖြစ်ကြောင်း၊ ထို့ပြင် ၎င်းင်းတို့ရှေ့တွင် တချို့သော CDM ဝန်ထမ်းများ၊ တချို့သောသူများ ပြန်လည်ဝင်ရောက်လာသူများရှိကြောင်း၊ ယင်းသို့ပြန်လည်ဝင်ရောက်လာသည့်အချိန်တွင် ဝန်ထမ်းစည်းကမ်းအရ လုပ်သင့်လုပ်ထိုက်သည်များဆောင်ရွက်ပြီး အလုပ်ပြန်လည်လုပ်နေသူများရှိပြီး အလုပ်မှထွက်သွားသူများလည်းရှိကြောင်း၊  ၅၀၅(ခ)ဖြင့် အနုပညာရှင်များလည်း လွတ်လာသူများလည်း ရှိကြောင်း၊  ၎င်းတို့လည်း အေးချမ်းစွာနေထိုင်လျက်ရှိကြောင်း၊ လမ်း ပေါ်မှာ ခိုးဆိုးလုယက်မှုများ၊ တချို့သော လက်နက် ရရှိသူများအနေဖြင့် ဓားပြမှုများ ကျူးလွန်နေသည်လည်းရှိကြောင်း၊ ထိုကိစ္စ များကို လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အမြန်ဆုံး တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် မိမိတို့ ဆောင်ရွက်လျက်ရှိကြောင်း၊    ယင်းသို့ ဆောင်ရွက်ရာတွင်   ဒေသအသီးသီးတွငပြည်သူ့လုံခြုံရေးအဖွဲ့များကို    ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းပြည်သူ့လုံခြုံရေးအဖွဲ့များတွင်   ပြည်သူလူထုအနေဖြင့် တစ်တပ်တစ်အား ပါဝင်ပေးရန် လိုကြောင်း၊  မိမိတို့အနေဖြင့် ဒီမိုကရေစီနိုင်ငံကို  ပြန်လည်ထူထောင်သည့်နေရာတွင်  တည်ငြိမ်အေးချမ်းရေးက    ပိုမိုအရေးကြီးကြောင်း၊   ထို့ကြောင့် တည်ငြိမ်အေးချမ်းရေးရှိရန်၊ တရားဥပဒေစိုးမိုးမှုရှိရန်အတွက် ပြည်သူလူထုက ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် မိမိအနေဖြင့်  တိုက်တွန်း လိုကြောင်း ဖြေကြားသည်။

97  မီဒီယာမှ  သတင်းထောက်ချုပ် နန္ဒလင်း(ထားဝယ်)က  ၁၆-၆-၂၀၂၂  ရက်နေ့တွင်    နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ကုလသမဂ္ဂကလေးများ    ရန်ပုံငွေအဖွဲ့ UNICEF က ဌာနေကိုယ်စားလှယ်  Mr. Marcoluigi Corsi သည်    ၎င်း၏ခန့်အပ်လွှာကို လာရောက်ပေးအပ်ခဲ့သည်ကို သိရှိရကြောင်း၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF နှင့်  နိုင်ငံတော်အစိုးရတို့၏ ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  ယင်း UNICEF အဖွဲ့သည်  ကျန်းမာရေးဝန်ကြီးဌာနနှင့် ယခင်ကတည်းက  လက်တွဲဆောင်ရွက်လျက်ရှိသည့်  ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းဖြစ်ကြောင်း၊  ယခုအချိန်ထိလည်း   လက်တွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊   ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်  အသေးစိတ်ကို ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက    ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF သည် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာလတာရှည်စွာလက်တွဲ ဆောင်ရွက်ခဲ့သည့်အဖွဲ့အစည်းဖြစ်ကြောင်း၊ ထိုသို့  လက်တွဲပူးပေါင်းဆောင်ရွက်သည့် အချိန်တွင် အသက်တစ်နှစ်အောက်ကလေးများနှင့်  ကိုယ်ဝန်ဆောင် မိခင်များအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ၊ အာဟာရမြှင့်တင်ရေး လုပ်ငန်းများကို အဓိကထားပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်ပြီး ဆောင်ရွက်မည့်လုပ်ငန်းများ လည်းရှိကြောင်း၊  ထိုသို့ဆောင်ရွက်မည့်လုပ်ငန်းများမှာ အသက်တစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်   ပုံမှန်ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ရာတွင် လိုအပ်သည့် ကာကွယ်ဆေးများကို နိုင်ငံတော်ရန်ပုံငွေဖြင့် ဝယ်ယူရာ၌ အရေအတွက်  ခန့်မှန်းတွက်ချက်ခြင်း၊ Gavi Alliance အဖွဲ့နှင့်    အသက်တစ်နှစ်အောက် များအတွက် ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းများ     ဆောင်ရွက်ရာတွင် Co-Financing နည်းစနစ်ဖြင့် ကာကွယ်ဆေးများ ဝယ်ယူရန် ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ဆေးများပြတ်လပ်မှုမရှိ စေရေးဆောင်ရွက် ပေးခြင်းတို့ ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရေးနှင့် ပတ်သက်သည့် အခြေခံအဆောက်အဦများ ဆောင်ရွက်ခြင်း၊ အအေးလမ်းကြောင်းထိန်း    ရေခဲသေတ္တာများကို  ကျေးလက်ကျန်းမာရေးဌာနများ၊   ကျေးလက် ကျန်းမာရေး ဌာနခွဲများတွင် တိုးချဲ့တပ်ဆင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊  ကျန်းမာရေး အသိပညာ မြှင့်တင်ရေး လုပ်ငန်းများနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများကို ပံ့ပိုးပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆိုင်ရာ ပြည်သူလူထု၏ အမြင်ကို လေ့လာဆန်းစစ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များဆိုင်ရာ လိုအပ်သည့် အိုင်တီနည်းပညာပစ္စည်းများကို ပံ့ပိုးပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက်နှင့်  အအေးလမ်းကြောင်းထိန်းဝန်ထမ်းများအတွက်  ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ပို့ချခြင်း၊ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့်ဆေးဝါးနှင့်   အာဟာရဖြည့်စွက်စာများ ပံ့ပိုးခြင်း၊ အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး လုပ်ငန်းများအတွက် ပံ့ပိုးခြင်း ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF အဖွဲ့ကဲ့သို့သော မိတ်ဖက်အဖွဲ့အစည်းများကို ထိုကဲ့သို့သောလုပ်ငန်းများပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် အမြဲတမ်းလက်ကမ်းကြိုဆိုလျက်ရှိပါကြောင်း ဖြည့်စွက်ဖြေကြားသည်။

နေပြည်တော်မှုခင်းနှင့်     သတင်းစုံအွန်လိုင်းသတင်းအေဂျင်စီမှ   သတင်းထောက် ဦးဇော်ဝင်းက မိမိအနေဖြင့် ကိုယ်ဝန် ဆောင်မိခင်များအတွက် တမူးနယ်စပ်တွင် အရေးပေါ်လိုအပ်နေသည့်အကူအညီများကို တစ်မိနစ်ခန့် တင်ပြလိုကြောင်း၊ တမူးခရိုင်သည် အိန္ဒိယနယ်စပ်နှင့်  မိုင်ပေါင်းရာချီပြီး    တစ်ဆက်တည်းဖြစ်ကြောင်း၊ လမ်းတစ်လမ်းသာရှိကြောင်း၊ ထိုလမ်းတွင် နိုင်ငံရေးအခြေအနေအရ  ကျန်းမာရေး အခက်အခဲ သွားလာ ရန်အတွက် ယခုအချိန်တွင်   မိုးရာသီဖြစ်သည့် အတွက်ကြောင့် အခက်အခဲများစွာ   ကြုံတွေ့လျက်ရှိကြောင်း၊ လက်ကျိုးခြေကျိုးများကို တစ်ရက်နှစ်ရက်ခန့်စောင့်၍ရသော်လည်း ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် တမူးဆေးရုံကြီးတွင် လုံးဝကုသ၍မရကြောင်း၊ ကလေးနှင့်မန္တလေးကို  ပို့ရကြောင်း၊ ထိုအချိန်တွင် ပရဟိတကားများအနေဖြင့် သွားသော်လည်း အသက်အန္တရာယ်ကြောင့်   အခက်အခဲများစွာ ကြုံတွေ့လျက်ရှိကြောင်း၊ ယခင်က ခရိုင်ဆရာဝန်ကြီး     ဒေါက်တာဦးသူရရှိသဖြင့်အဆင်ပြေကြောင်း၊ ကိုဗစ်ကာလတွင်လည်း   လူနာများကို   ကုသပေးကြောင်း၊ ယခုအခါ ဒေါက်တာ  ဦးသူရ ပြောင်းသွားပြီး ထပ်မံရောက်ရှိသည့်ခရိုင်ဆရာဝန်ကြီးကလည်း ၉၆ ပါး ရောဂါဖြင့် သေဆုံးသွားကြောင်း၊  ထို့ကြောင့်  တမူး ခရိုင်အတွင်း  အဓိကအားဖြင့်  ကိုယ်ဝန်ဆောင်မိခင်များအတွက်  ဆေးရုံကြီးတွင် ခွဲစိတ်ကုသနိုင်ရန်  နိုင်ငံတော်အစိုးရ အနေဖြင့် ဆောင်ရွက်ပေးနိုင်ရန်  ပြည်သူလူထုအနေဖြင့်  မျှော်လင့်လျက်ရှိကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်   လိုအပ်သည်များကို အသေးစိတ်မှတ် ထားပေးရန်နှင့် ပြန်လည်စိစစ်ပြီး  လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကိုယ်တိုင်  ကျန်းမာရေးနှင့် ပတ်သက်၍ လူအသက်ထက်အရေးကြီးတာဘာမျှမရှိဟု ခံယူထားကြောင်း၊  ဦးစားပေးအဆင့်တွင် ပါဝင်ကြောင်း၊  စိစစ်ပြီးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်ပြီး နေပြည်တော်မှုခင်းနှင့် သတင်းစုံ  အွန်လိုင်းသတင်းအေဂျင်စီမှ ဦးဇော်ဝင်းက  နိုင်ငံတော် အစိုးရအနေဖြင့် Without ကားများကိုဖမ်းဆီးပြီး တရားစွဲ တင်ခြင်း၊ လေလံတင်ရောင်းချခြင်းမှ အခွန်ဝင်ငွေများရရှိနေသည်ကို သိရှိရကြောင်း၊ လက်ရှိ မြန်မာနိုင်ငံအတွင်းတွင်  Without ကားများရှိနေနိုင်ကြောင်း၊    ထို့ကြောင့် တပ်မတော်မှ  အာဏာကိုခေတ္တထိန်းထားသည့်အချိန်တွင်    အချိန်ကာလတစ်ခု သတ်မှတ်ပြီး ဖမ်းဆီးခြင်း၊  တရားစွဲဆိုခြင်း၊ လေလံတင်ရောင်းချခြင်းထက် အစီအစဉ်တစ်ခု အနေဖြင့် လိုင်စင်ထုတ်ပေးခြင်း၊ တစ်ခုခုသတ်မှတ်ပေးခြင်း၊ နိုင်ငံတော်၏ အခွန်ဘဏ္ဍာရရှိအောင် အစီအစဉ် လုပ်ပေးနိုင်ခြင်းရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုလိုင်စင်မဲ့ကားများနှင့်ပတ်သက်၍  သတင်းမျိုးစုံကို အွန်လိုင်းပေါ်တွင်လည်း တွေ့မြင်ကြောင်း၊ ယခင် နယကအစိုးရလက်ထက်တွင် ၈၅ ရာခိုင်နှုန်းဒဏ်ကြေးပေးဆောင်ပြီး တရား ဝင်ယာဉ်အဖြစ်     မှတ်ပုံတင်ပေးထားသည့် မှတ်ပုံတင်သည့်   လုပ်ငန်းလုပ်ခဲ့ခြင်းရှိကြောင်း၊ ယာဉ်အရေအတွက် ၆၀၀၀ ကျော်ရှိကြောင်း၊ ထိုအချိန်တွင် အခြေအနေကတစ်မျိုးဖြစ်ကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များကို တရားဝင်လိုင်စင်ဖြစ်အောင် ဆောင်ရွက်မည်ဆိုပါက တရားဝင်တင်သွင်းလာသည့် ယာဉ်ပိုင်ရှင်များနစ်နာမှုရှိပြီး ခွင့်ပြုချက်ဖြင့်ဖွင့်လှစ်ထားသည့် ကား  Showroom များနှင့် Sale Center များလည်း ထိခိုက်လာနိုင်ကြောင်း၊ ကန့်ကွက်မှုများဖြစ်လာနိုင်ကြောင်း၊ ပြည်တွင်းကားဈေးကွက်လည်း ကမောက်ကမဖြစ်လာနိုင်ကြောင်း၊ ထို့ပြင် တည်ဆဲဥပဒေ၊ နည်းဥပဒေများကို ဖောက်ဖျက်ကျော်လွန်သည့် ကိစ္စလည်းဖြစ်ကြောင်း၊ နိုင်ငံတကာ၏ ကျင့်သုံးနေသည့် စနစ်များကိုလည်း   ဆန့်ကျင်ရာရောက်ကြောင်း၊ တရားမဝင်တင်သွင်းမှုကိုလည်းအားပေးရာရောက်မှာဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများမှ ခိုးလာသည့်ယာဉ်များဖြစ်ပါက ပြဿနာပိုပြီးကြီးလာနိုင်ကြောင်း၊ ပိုပြီးကန့်ကွက်ခံရနိုင်ကြောင်း၊    ဝယ်လာသည့် ယာဉ်များသည်  Second Hand ဖြစ်သည်ကိုလည်း သိပြီးဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများလည်း မလိုလားအပ်သည့်ကိစ္စများ ရှုပ်ထွေးလာနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လိုင်စင်ဖြင့်ထုတ်ပေးရန် အစီအစဉ်မရှိကြောင်း ဖြေကြားသည်။

မြန်မာသံတော်ဆင့်    သတင်းဌာနမှ အယ်ဒီတာ ဦးကိုကိုကြီးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို    ဖော်ဆောင် ခဲ့သည့် ညောင်နှစ်ပင်ခန်းမကြီးကို   နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်သွားကြည့်ပြီး အကြီးစား ပြင်ဆင်နေမှု များကို  တွေ့ရပါကြောင်း၊ ယခင်အစိုးရခေတ်က စာအုပ်စိမ်းကြီး ဖော်ဆောင်ခဲ့သည့် နေရာဟူ၍ အမုန်း တရားဖြင့် မပြုပြင်ဘဲ အမိုးများနှင့် ခုံများပျက်စီးနေသည်များကို တွေ့ရပါကြောင်း၊ တိုင်းရင်းသား အဖွဲ့များ အနေဖြင့် တွေ့ဆုံသည့်နေရာတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရန်အတွက် ဆက်လက်ဆွေးနွေးမည်ဟု နိုင်ငံ့ခေါင်းဆောင်အနေဖြင့် ပြောကြားသည်ကို တွေ့ရပါကြောင်း၊  ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် နိုင်ငံရေးပါတီများ၊    တိုင်းရင်းသားလက်နက်ကိုင်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူများနှင့် တွေ့ဆုံဆွေးနွေးရန်အတွက်     ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ ညောင်နှစ်ပင်ညီလာခံ ပြန်လည်ကျင်းပရန်   အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ညောင်နှစ်ပင်သွားခြင်းမှာ ယခင်က သမိုင်းဝင်ခဲ့သည့် အဆောက်အအုံ ဖြစ်သည့်အတွက်ကြောင့် ပြန်လည် ထိန်းသိမ်းသင့်သည့် ရည်ရွယ်ချက်ဖြင့် သွားခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် ပတ်သက်ပြီး ကျောင်းဖွင့်ရန် ဆောင်ရွက်နေခြင်း ရှိကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးနှင့်ပတ်သက်ပြီး အထူးစီမံကိန်းများ ဆောင်ရွက်နေခြင်းများ ရှိခြင်းကြောင့်    သွားရောက်စစ်ဆေးခြင်း ဖြစ်ကြောင်း၊  ရိုးရိုးသားသား ဖြစ်ကြောင်း ဖြေကြားသည်။

တဲ့ပြောသတင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက မေးခွန်းမမေးမီ ကျေးဇူးတင်စကားပြောလိုပါကြောင်း၊  သတင်းစာ ရှင်းလင်းပွဲကို   တချို့ကဝေဖန်မှုများရှိကြောင်း၊ သတင်းစာရှင်းလင်းပွဲတက်သောသူနှင့်   မတက် သောသူဟူ၍ ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့် အဖွဲ့များက အလကားပါဟု ပြောကြကြောင်း၊ မိမိလက်ခံလိုက်သည်မှာ ဒေါက်တာဇော်မြင့်မောင်နှင့်    ဒေါက်တာ အောင်မိုးညိုတို့က စတုတ္ထမဏ္ဍိုင်မရှိဟုပြောသည့်အချိန်တွင် စတုတ္ထမဏ္ဍိုင်ကို လေးစားပါသည်ဟု ပြောခဲ့သည့်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျေးဇူးတင်ပါကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင် မိမိမေးသည့် ကားများအလဟဿဖြစ်နေသည်ကို ချက်ချင်းအကောင်အထည်ဖော်ဆောင်သည့်အတွက်ဝမ်းသာပါကြောင်း၊ သံတမန်နည်းလမ်း (ဗီယင်နာကွန်ဗန်းရှင်း)ကို ချိုးဖောက်သည့်နိုင်ငံများက မိမိတို့နိုင်ငံကို သွေးတိုးစမ်း ပါကြောင်း၊ သံအမတ်ကြီးအဆင့်မှ ယာယီသံရုံးတာဝန်ခံအနေဖြင့် ထားခဲ့သည့်နိုင်ငံများကို မိမိတို့နိုင်ငံကလည်း ပြတ်ပြတ်သားသား  ယာယီသံရုံးတာဝန်ခံ အနေဖြင့်ထားခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ၏အချုပ်အခြာအာဏာကို မိမိနိုင်ငံကပိုင်ပြီး မိမိတို့နိုင်ငံ၏     အချုပ်အခြာအာဏာကို မစော်ကားနှင့်ဟု  ဂျီနီဗာကွန်ဗန်းရှင်းကို လက်မှတ် ထိုးထားပြီး ၁၆၄ နိုင်ငံမြောက်ဝင်ထားသည့် မိမိတို့ မြန်မာနိုင်ငံ၏ သတ္တိကိုပြသည်ဟု မိမိအနေဖြင့်ယူဆပါကြောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောသည့် ၎င်းဘဝတွင် မလုပ်ရဲတာမရှိဘူး ဟူသည့် စကားကို မိမိယူသုံးလိုပါကြောင်း၊ တစ်ဖက်က ၎င်းင်းတို့အမြင်ဖြစ်သည့် NLD ပါတီက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတ ဦးဝင်းမြင့်နှင့် ဝန်ကြီးများကို အဂတိလိုက်စားမှုဖြင့်အရေးယူကြောင်း၊ တပ်မတော်က အနိုင်ကျင့်သည်ဟု စွပ်စွဲနေသည့်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူထားချိန်တွင် ၎င်းကိုယ်တိုင်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်များ၊ ဝန်ကြီးများကိုလည်း  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်    မှားသည့်သူအား မှားသည့်အတိုင်းအရေးယူမည်၊ အပြစ်ရှိသူကို အပြစ်ရှိသည့်အတိုင်း အရေးယူမည်ဆိုသည်ကို လက်တွေ့လည်းပြနေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရတက်လာပြီး NLD နှင့်   ယခင် အဂတိလိုက်စားခဲ့သည့်ပုဂ္ဂိုလ်များကို  ကြော်ငြာသကဲ့သို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် တာဝန်ထမ်းဆောင်နေသည့် အချိန်တွင်လည်း ၎င်း၏ လက်ထက်တွင် ၎င်းခန့်ထားသည့်ဝန်ကြီးများကို အဂတိနှင့်ငြိလျှင်   အဂတိဖြင့်အရေးယူပါကြောင်း၊ ဥပဒေနှင့်မညီ လုပ်ထားသည့် ပုဂ္ဂိုလ်များကို ဥပဒေနှင့်အညီ အရေးယူကြောင်းကို   တရားဝင်ပြန်ကြားပေးရန် အစီအစဉ်ရှိမရှိ သိလိုပါကြောင်း၊ ထို့နောက်   ဥကရစ်ထစခန်းတွင် သုံးရက်သုံးည ကြံ့ကြံ့ခံပြီး နိုင်ငံတော်ပိုင်သည့် လက်နက်များ မဆုံးရှုံးရအောင် အသက်ပေးကာကွယ်ခဲ့သည့်   တပ်ကြပ်မြင့်လွင် အပါအဝင်   အရာရှိ/စစ်သည်များကို တစ်ဆင့်မြှင့်ရာထူးတိုးပေးသည်ဟု ဝမ်းသာစွာကြားသိရပါကြောင်း၊ ဆရာမြင့်လွင် သည် မိမိအနီးကပ်သွားနေသည့်အတွက် ပိုသိပါကြောင်း၊ ၎င်းက စစ်ကူရောက်ပြီလားဟု မေးသည့်အခါ   မိမိတို့မျက်ရည်ကျခဲ့ပါကြောင်း၊ မိမိလည်းထိုသို့ကြုံဖူးပါကြောင်း၊ စစ်ကူရောက်ပြီဟု ပြောသည့် အခါတွင် ၎င်းဦးခေါင်းချသွားပါကြောင်း၊ ယင်းစစ်သည်မျိုးကို နိုင်ငံတော်အနေဖြင့် ဘွဲ့ထူး/ဂုဏ်ထူးချီးမြှင့်ရန် အစီအစဉ်ရှိ/မရှိနှင့် ထိုနေရာတွင်ရှိသည့်   အခြားစစ်သည်များလည်း ကြံ့ကြံ့ခံနိုင် ခဲ့ကြောင်း၊ ထိုသို့ သုံးရက်လေးရက် ကြံ့ကြံ့ခံခဲ့သည့်   စစ်သည်များကို ရာထူးတိုးမြှင့်ပေးရုံသာမက   ဘွဲ့ထူး/ဂုဏ်ထူးပေးရန် အစီအစဉ် ရှိ/မရှိ ထပ်လောင်းသိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်ကြီးပြောခဲ့သည့်    ကျွန်တော်ဘဝတွင် မလုပ်ရဲတာမရှိဘူး ဆိုသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏စကားမှာ အပြည့်အစုံပြောရမည်ဖြစ်ကြောင်း၊ နားလည်မှုလွဲမည် စိုးသည့်အတွက် မိမိရှင်းပြလိုပါကြောင်း၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံသည့်အခါတွင် ၎င်းပြောခဲ့သည်များ ရှိကြောင်း၊  ယင်းကိုသတင်းဌာနတစ်ခုက မလုပ်ရဲတာမရှိဘူး ဟု ဖြတ်ပြီးသုံးခဲ့ကြောင်း၊  မိမိအနေဖြင့် အပြည့်အစုံပြောပြရရင် ဗိုလ်ချုပ်မှူးကြီးအနေဖြင့်ပြောခဲ့သည်မှာ နိုင်ငံတော်အရေးအတွက်၊ နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ကျွန်တော်မလုပ်ရဲတာမရှိဘူး ဟုပြောခဲ့ခြင်းဖြစ်ကြောင်း၊ လူယုတ်မာများက နိုင်ငံတော်အရေးနှင့်   နိုင်ငံတော်အကျိုးစီးပွားကိုဖြုတ်ပြီး မလုပ်ရဲတာမရှိဘူးဟု လုပ်ခဲ့ပါကြောင်း ပြောကြားသည်။

သတင်းထောက်ကြီး၏ ဒုတိယမေးခွန်းကိုဖြေရလျှင် မိမိတို့စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊    ပထမမေးခွန်း ဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူခဲ့သည့်နေ့မှစ၍ ဇွန်လ ၂၉ ရက်နေ့ထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားစာစုစုပေါင်း ၁၅၀၀ ရောက်ရှိပါကြောင်း၊ ကော်မရှင်က အစည်းအဝေးသုံးသပ်တင်ပြပြီး စုံစမ်းစစ်ဆေးပါကြောင်း၊ အထောက်အထားခိုင်လုံစွာဖြင့် ပေးပို့လာသည့် တိုင်ကြားစာ ၄၀ အပေါ်တွင် စုံစမ်းစစ်ဆေးနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် ခဲ့ပါကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ   အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူ ဆောင်ရွက် နေသူ များအနေဖြင့် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့သူ ၇၀ ဦး၊ နိုင်ငံ့ဝန်ထမ်းနှင့် ပြင်ပပုဂ္ဂိုလ် ၆၃ ဦးဖြစ်ပါကြောင်း၊ တရားစွဲဆိုမှုအနေဖြင့်   နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့သူ ၇၀ ဦး၊ အဆင့်မြင့်အရာရှိ ၈ ဦး၊ အရာထမ်း ၆ ဦး၊ ပြင်ပပုဂ္ဂိုလ် ၆ ဦး စုစုပေါင်း ၉၀ ဦးဖြစ်ပါကြောင်း၊ ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၀ (ခ)အရ  နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် စုစုပေါင်း ၄၃ ဦး အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ အဆင့်မြင့်အရာရှိတစ်ဦး၊ အရာထမ်း ၄၁ ဦးနှင့် အမှုထမ်း ၁ ဦးဖြစ်ပါကြောင်း၊ NLD ပါတီမှ  ပုဂ္ဂိုလ်များသာ အရေးယူခြင်း မဟုတ်ဘဲ နိုင်ငံ့ဝန်ထမ်းနှင့် ပြင်ပပုဂ္ဂိုလ် ၆၃ ဦး အရေးယူထားပါကြောင်း၊ NLD လက်ထက်ကို မိမိပြောလိုပါကြောင်း၊ ပြည်ထောင်စု ဝန်ကြီးအဆင့် ၃၈ ဦး၊ ဒုတိယ ဝန်ကြီးအဆင့် ၇၁ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအပါ ဝန်ကြီး ၁၆၅ ဦး၊ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ စုစုပေါင်း ၂၇၄ ဦးခန့်အပ်ခဲ့သော်လည်း   အဂတိလိုက်စားမှုကျူးလွန်ကြောင်း တိုင်ကြားခံရသည့် နိုင်ငံရေးရာထူးနှင့် လက်ရှိဖြစ်ခဲ့သူများကိုသာ စစ်ဆေးပေါ်ပေါက်ချက်အရ အရေးယူခြင်းဖြစ်ပါကြောင်း၊    NLDလက်ထက်တွင် ခန့်အပ်ခဲ့သူ ၂၇၄ ဦးရှိပြီး ခိုင်လုံ၍အရေးယူထားသည်မှာ မည်မျှသာရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ကွာခြားချက်မည်မျှရှိသည်ကို တွက်ဆကြည့်လျှင် သိနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာ ငွေကြေးများနှင့် ပစ္စည်းများ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် NLD အစိုးရလက်ထက် ၂၁-၆-၂၀၁၈ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်ပြဋ္ဌာန်းပြီးနောက်တွင် ကော်မရှင်အနေဖြင့် လာဘ်ပေးလာဘ်ယူမှုများ အပါအဝင် နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်း နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး အရေးယူနိုင်ခဲ့ပါကြောင်း၊   ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက်ပိုင်းတွင် တရားစွဲဆိုတင်ပို့သည့် အမှုပေါင်း ၁၉၄ မှုအနက် နိုင်ငံတော်ဘဏ္ဍာငွေနစ်နာဆုံးရှုံးခဲ့သည့်အမှု  ၈၇ မှုရှိပြီး နိုင်ငံတော်အနေဖြင့် မြန်မာကျပ်ငွေသန်းပေါင်း ၁၉၃ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့ရသည်ကို  စစ်ဆေးတွေ့ရှိရပါကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကိုရှေးရှုပြီး သန့်ရှင်းသည့်အစိုးရနှင့်ကောင်းမွန်သည့် အုပ်ချုပ်မှုဖြစ်ရန်ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး ကျောသားရင်သား မခွဲခြားဘဲ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။