အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)နှင့် အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)တို့မှ နေ့စဉ် ယူရီးယား ဓာတ်မြေသြဇာ တန် ၃၀၀ ခန့်စီထုတ်လုပ်ကာ စိုက်ပျိုးရာသီအမီ တောင်သူလယ်သမားများလက်ဝယ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးမည်

အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)နှင့် အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)တို့မှ နေ့စဉ် ယူရီးယား ဓာတ်မြေသြဇာ တန် ၃၀၀ ခန့်စီထုတ်လုပ်ကာ စိုက်ပျိုးရာသီအမီ တောင်သူလယ်သမားများလက်ဝယ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးမည်

ရန်ကုန်  ဇူလိုင်  ၄

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကား သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ လှော်ကားပင်မဓာတ်အားခွဲရုံနှင့် မှော်ဘီမြို့နယ်ရှိ  အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လှော်ကား သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး  ဓာတ်အားပေးစက်ရုံ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဓာတ်အားပေးစက်များ အဆင့်မြှင့်တင်၍ ရန်ကုန်တိုင်းဒေသကြီးအတွက်လိုအပ်သော လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေး၊  စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊  ဓာတ်အားပေးစက်ရုံနှင့် အနီးပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေးနှင့် လုံခြုံရေးအထူးဂရုပြုဆောင်ရွက် ရေးတို့ကို အလေးထားဆောင်ရွက်သွားရန် မှာကြား၍ ဓာတ်အားပေး စက်ရုံအတွင်း လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေမှုနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးနေမှုတို့ကို  လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှော်ကားပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက အန္တရာယ် ကင်းရှင်းစွာ ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အားပြည့်ပြည့်၀၀ဖြင့် ပြည်သူလူထုအသုံးပြုနိုင်ရေး၊ ဓာတ်အား ခွဲရုံသုံး လျှပ်စစ်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရေး၊ ထရန်စဖော်မာတိုးချဲ့တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးရေး တို့အား အလေးထားဆောင်ရွက်သွားရန်မှာကြား၍ ဓာတ်အားခွဲရုံအတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ထရန် စဖော်မာများ၊ ဓာတ်အားလိုင်းများ ချိတ်ဆက်ဖြန့်ဖြူးပေးထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)သို့ရောက်ရှိပြီး စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းများ မွမ်းမံပြင်ဆင်နေမှုနှင့် ဓာတ်ခွဲခန်း၊    ပင်မထိန်းချုပ်ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။  စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)နှင့် အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)တို့ကို    ဇူလိုင် ၁၃ ရက်မှ စတင်လည်ပတ်ပြီး နေ့စဉ်ယူရီးယားဓာတ်မြေသြဇာ တန် ၃၀၀ ခန့်စီထုတ်လုပ်ကာ စိုက်ပျိုးရာသီအမီ တောင်သူလယ်သမားများ လက်ဝယ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။                                 

(၅၀၀)