၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ထိုင်းနိုင်ငံလေ့လာရေး ခရီးသွားရောက်

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ထိုင်းနိုင်ငံလေ့လာရေး ခရီးသွားရောက်

နေပြည်တော်  ဇူလိုင်  ၆

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ သိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့်  ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးသည် ကြီးကြပ်သူ ဆရာ၊ ဆရာမများ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြသည်။

ထိုသို့သွားရောက်ရာတွင် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅ မိနစ်တွင် ထိုင်းနိုင်ငံ  သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိရာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြ ပြီး  မော်တော်ယာဉ်များဖြင့်   မြဘုရားသို့ သွားရောက်ဖူးမြော်ကြသည်။

ထိုမှတစ်ဆင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးသို့ရောက်ရှိရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကာ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ထူးချွန် ကျောင်းသား၊ ကျောင်းသူများလေ့လာရေး အဖွဲ့အား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ ယင်းနောက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ အဖွဲ့သည်   Siam Paragon  ရှိ  Siam Ocean World သို့သွားရောက် ကြည့်ရှုလေ့လာကြသည်။

ဆက်လက်၍  Madame Tussauds Museum  သို့ သွားရောက် လေ့လာကာ အဆိုပါပြတိုက်၌  အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက Holiday Inn Hotel သို့ရောက်ရှိပြီး ခေတ္တ အနားယူကြပြီး Asiatique  သို့သွားရောက် လည်ပတ်ကြရာ Chao  Phraya River  Cruise စီး၍ မြစ်ကြောင်းတစ်လျှောက် လှည့်လည်ကြည့်ရှု၍  ညစာစားသုံးကာ ဟိုတယ်သို့ ပြန်လည်ရောက်ရှိပြီး ညအိပ် ရပ်နားကြသည်။

ထူးချွန်ကျောင်းသား၊ ကျောင်းသူများ လေ့လာရေး အဖွဲ့သည် ဇူလိုင် ၅ ရက်တွင် ထိုင်းနိုင်ငံရှိ ASSUMPTION  Universityသို့ သွားရောက်လေ့လာကာ ပတ္တယား ကမ်းခြေသို့  ဆက်လက်သွားရောက်ပြီး ပတ္တယားကမ်းခြေတွင် အပန်းဖြေကြသည်။

ဆက်လက်ပြီး  ပတ္တယားရေပေါ်ဈေးနှင့် တောင်ပေါ်ဘုရားများသို့   သွားရောက် လေ့လာခဲ့ကြသည်။ ယင်းနောက် ဗန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာ၍   Baiyoke Tower  ပေါ်တွင် ဗန်ကောက်မြို့၏ ညရှုခင်းကိုကြည့်ရှု၍   ညစာသုံးဆောင်ကြပြီး  ဟိုတယ်တွင် ညအိပ် အနားယူခဲ့ကြသည်။

၂၀၂၂ ခုနှစ် တက္တသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲ အသီးသီးတွင် အမှတ်အများဆုံးဖြင့်  ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်  ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ဂုဏ်ပြုသည့် အနေဖြင့်  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန် ချက်နှင့်အညီ ပညာရေး ဝန်ကြီးဌာနက ပြည်ပနိုင်ငံ အတွေ့အကြုံကောင်းများ ရရှိရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေးအတွက်  စီစဉ်ပို့ဆောင်ပေးခြင်း ဖြစ် ကြောင်း သိရသည်။