၀န်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများ ဆက်လက်ကျင်းပ

၀န်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်  ဇူလိုင်  ၉

၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B)ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်  ၈ နာရီမှစတင် ကျင်းပသည်။

အမျိုးသမီးပြိုင်ပွဲ  ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အသင်းက အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းက  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းက ပြည်ထောင်စုရာထူးဝန် အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

အဆိုပါပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ဘော်လီဘော အားကစားဝါသနာရှင်များ ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ ၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ(အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို ဇူလိုင် ၄ ရက်မှ  ၁၈ ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B)ရုံ၌ နေ့စဉ်နံနက် ၈ နာရီမှစတင်၍  ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ရာ ဘော်လီဘော အားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိသည်။