မြန်မာအမျိုးသမီး အသင်းက ကမ္ဘောဒီးယားကို သုံးဂိုးပြတ် အနိုင်ရ

မြန်မာအမျိုးသမီး အသင်းက ကမ္ဘောဒီးယားကို သုံးဂိုးပြတ် အနိုင်ရ

နေပြည်တော်  ဇူလိုင်  ၉

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ကမ္ဘောဒီးယားအသင်းနှင့်   ယှဉ်ပြိုင်ကစားခဲ့ရာ   မြန်မာအသင်းက သုံးဂိုးပြတ်ဖြင့်  အနိုင်ရရှိခဲ့သည်။

မြန်မာအသင်း ပွဲထွက်လူစာရင်းတွင် မျိုးမြမြငြိမ်း(ဂိုး)၊ ခင်သန်းဝေ၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ နန့်ဇူဇူးထက်၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ လင်းမြင့်မိုရ်၊ မြတ်နိုးခင်၊ ဂျူလိုင်ကျော်၊ ခင်မိုမိုထွန်းတို့ဖြင့် စတင်ခဲ့ပြီး မြန်မာအသင်းက  ပွဲချိန် ၃၂ မိနစ်တွင် အသင်းခေါင်းဆောင် ခင်မာလာထွန်း၏ တစ်ကိုယ်တော်ခြေစွမ်းပြ အဝေးကန်သွင်းချက်ဖြင့် အဖွင့်ဂိုးရရှိကာ ပထမပိုင်းအပြီးတွင် ၁ဂိုး-ဂိုးမရှိဖြင့် ဦးဆောင် ကစားခဲ့သည်။

   ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းက အသာစီးရရှိကာ ဦးဆောင်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၆၁ မိနစ်တွင် မြတ်နိုးခင်၊ ပွဲချိန် ၈၇ မိနစ်တွင် လူစားဝင် တိုက်စစ်မှူး ခင်မိုးဝေတို့မှ အသီးသီးထပ်မံ သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက ၃ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

  “အနိုင်ရလဒ်အတွက် ဝမ်းသာပါတယ်။ အသင်းရဲ့ခြေစွမ်းပေးမှာတော့ ကျေနပ်မှုမရှိပါဘူး။ ကစားသမားအချို့ကို အခွင့်အရေးပေးတဲ့အနေနဲ့ ဒီပွဲမှာ အသုံးပြုခဲ့ပါတယ်။ အသင်းအနေနဲ့ အဆုံးသတ်ပိုင်းနဲ့ တိုက်စစ်သွားတဲ့နေရာမှာ အားနည်းချက်တွေ အများကြီးရှိနေပါသေးတယ်။ လာအိုအသင်းနဲ့ ကစားရမယ့်ပွဲစဉ်မှာ အနိုင်ရဖို့ အကောင်းဆုံး ကြိုးစားသွားပါမယ်”ဟု နည်းပြချုပ် ဒေးသက်သက်ဝင်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

   မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စု (ခ) တတိယမြောက် ပွဲစဉ်အဖြစ် ဇူလိုင် ၁၁ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။