ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် လူစီးရထားနှင့် ကုန်ရထားများ ပြေးဆွဲလျက်ရှိ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် လူစီးရထားနှင့် ကုန်ရထားများ ပြေးဆွဲလျက်ရှိ

နေပြည်တော်  ဇူလိုင်  ၁၀

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ  ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်းအား ကျန်းမာရေး ဝန်ကြီးဌာန၏ ခရီးသွားလာမှုဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များ  Standard Operating Procedure (SOP)  လမ်းညွှန်ချက်နှင့်အညီ ပြေးဆွဲဆောင်ရွက်ပေးလျက် ရှိသည်။

ကိုဗစ်-၁၉ တတိယလှိုင်းအပြီးတွင် ရုံးဌာနများ၊ စက်ရုံ/အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ချိန်မှစ၍ ခရီးသွားလာကြမည့် ပြည်သူများနှင့်  ကုန်စည်များ အဆင်ပြေချောမွေ့စွာ  သယ်ယူပို့ဆောင်နိုင်ရေးအတွက်   မြန်မာ့မီးရထားက ခရီးစဉ်များ ပြေးဆွဲပေးခဲ့ရာ ဇွန် ၃၀ ရက်အထိ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ စာပို့ရထားနှစ်စင်း၊ လူစီးကုန်တင်ရထားနှစ်စင်း၊ ရန်ကုန်- မော်လမြိုင်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊  စာပို့ရထားလေးစင်း၊ နေပြည်တော်-တောင်တွင်းကြီး လမ်းပိုင်းတွင် လူစီးကုန်တင်ရထားနှစ်စင်း၊ မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ ပုသိမ်-ဟင်္သာတ- ကြံခင်းလမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ မန္တလေး-မတ္တရာ-သူရဲဈေးလမ်းပိုင်းတွင် လူစီးကုန်တင် ရထားနှစ်စင်း၊ ပြည်တော်သာ-ရေချမ်းပြင်လမ်းပိုင်းတွင် စာပို့ရထားလေးစင်း စုစုပေါင်း ၂၈ စင်းနှင့်  ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင်  RBE ရထား ၂၆ စင်း စုစုပေါင်း ၅၄ စင်း ပြေးဆွဲပေးလျက်ရှိသည်။

လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့် ရထားစီးနင်း၍ ခရီးသွားလာမှု များပြားလာခြင်းကြောင့် ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် ယနေ့ ဇူလိုင် ၁၀ ရက်မှစ၍ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် လေအိတ် ရထားတွဲဆိုင်းများဖြင့် ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ ရန်ကုန်အမြန်ရထားနှစ်စင်းအား အစုန်/အဆန်ပြေးဆွဲပေးခဲ့ပြီး  နေ့စဉ်ပြေးဆွဲ ပေးသွားမည်ဖြစ်သည်။ဆက်လက်၍ ဇူလိုင်၂၅ ရက်၌ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင်  ရန်ကုန်မှ မော်လမြိုင်၊ မော်လမြိုင်မှ  ရန်ကုန်အမြန်ရထား နှစ်စင်းအား နေ့စဉ် အစုန်/အဆန်ပြေးဆွဲခြင်း၊ သြဂုတ် ၂၀ ရက်၌ ရန်ကုန်-ပြည်လမ်းပိုင်းတွင် ရန်ကုန်မှ ပြည်၊ ပြည်မှ ရန်ကုန် အမြန်ရထား နှစ်စင်းအား နေ့စဉ်ခေါက်ပြန် ပြေးဆွဲခြင်းများကို ထပ်မံတိုးချဲ့ပြေးဆွဲသွားရန် စီစဉ်ထားရှိသည်။

ရထားများပြေးဆွဲရာတွင် ရန်ကုန်-မန္တလေး လမ်းပိုင်း၌ အမှတ်(၅)အဆန်သည် ရန်ကုန်မှ ၁၅း၄၅ နာရီထွက်ခွာ၍ မန္တလေးသို့ ၀၉း၁၅ နာရီ အချိန်ရောက်ရှိပြီး အမှတ် (၆)အစုန်အမြန်ရထားသည် မန္တလေးမှ ၁၄း၀၀ နာရီထွက်ခွာ၍ ရန်ကုန်သို့ ဝရး၄၀ နာရီအချိန် ရောက်ရှိမည်ဖြစ်သည်။

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ အမှတ်(၈၁)အဆန်အမြန် ရထားသည် ရန်ကုန်မှ ၂၀း၀၀ နာရီထွက်ခွာ၍ မော်လမြိုင်သို့ ၀၆း၀၀ နာရီအချိန် ရောက်ရှိပြီး အမှတ် (၈၂)အစုန်အမြန်ရထားသည် မော်လမြိုင်မှ ၂၀း၀၀ နာရီထွက်ခွာ၍ ရန်ကုန်သို့ ၀၆း၁၅ နာရီအချိန်ရောက်ရှိမည်ဖြစ်သည်။

ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ်(၆၁)အဆန် အမြန်ရထားသည် ရန်ကုန်မှ ၂၀း၃၀ နာရီထွက်ခွာ၍ ပြည်သို့ ၀၅း၁၅ နာရီအချိန် ရောက်ရှိပြီး  အမှတ်(၆၂)အစုန်အမြန်ရထားသည် ပြည်မှ ဝရး၄၅ နာရီထွက်ခွာ၍ ရန်ကုန်သို့ ၁၆း၃၀ နာရီအချိန် ရောက်ရှိမည်ဖြစ်သည်။

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ရထားဖြင့် အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်များကို လိုရာခရီးသို့ တင်ပို့နိုင်ရေးအတွက် စီစဉ်ပေးလျက်ရှိရာ စီးနင်းမှုနှင့် ကုန်စည်တင်ပို့မှု များပြားလာသည့် အခြေအနေအပေါ် မူတည်၍ ရထားခရီးစဉ်များကို  ထပ်မံတိုးချဲ့ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့မီးရထား