ဧရာဝတီယူနိုက်တက်က မဟာယူနိုက်တက်ကို ဂိုးပြတ်အနိုင်ရ

ဧရာဝတီယူနိုက်တက်က မဟာယူနိုက်တက်ကို ဂိုးပြတ်အနိုင်ရ

နေပြည်တော် ဇူလိုင် ၁၀

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊   မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂  မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၃)ကို ယနေ့ ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၃)မှ  မဟာယူနိုက်တက် အသင်းနှင့်  ဧရာဝတီယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားရာ  ဧရာဝတီ ယူနိုက်တက်အသင်းက မဟာယူနိုက်တက် အသင်းကို ၆ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိသည်။

ပထမပိုင်းပွဲကစားချိန်အစတွင်  ဧရာဝတီယူနိုက်တက် အသင်းမှ  ခံစစ်ကို အောင်ဇေယျာနှင့်  စည်သူနိုင်တို့ အချိတ်အဆက်မိမိ ကစားနိုင်ခဲ့သော်လည်း ပွဲကစားချိန် ၄ မိနစ်တွင် မဟာယူနိုက်တက် အသင်းမှ နေဦးလွင်က  အဝေးကန်ချက်ဖြင့် ဦးဆောင်ဂိုးကို  စတင်သွင်းယူနိုင်ခဲ့သည်။

ဧရာဝတီယူနိုက်တက်အသင်း ပွဲကစားချိန် ၁၄ မိနစ်တွင် မဟာယူနိုက်တက်အသင်း  ဂိုးဧရိယာစည်းနားတွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် ရန်ကျော်ထွေးက ချေပဂိုးအား သွင်းယူပေးနိုင်ခဲ့သည်။ ပွဲကစားချိန် ၃၃ မိနစ်နှင့် ၃၈ မိနစ်တို့တွင် ကောင်းမြတ်သူက အနိုင်ဂိုးများ ဆက်တိုက်သွင်းယူ ပေးနိုင်ခဲ့သည့်အတွက် ပထမပိုင်း ပွဲပြီးချိန်တွင် ဧရာဝတီယူနိုက်တက် အသင်းက မဟာယူနိုက်တက် အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့်  ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်းတွင်လည်း ဧရာဝတီယူနိုက်တက်က  ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် မဟာယူနိုက်တက်ဘက်ကို    ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့ပြီး ဒုတိယပိုင်းပွဲကစားချိန် ၆၇ မိနစ်နှင့်   ၇၂ မိနစ်တို့တွင်  ရန်ကျော်ထွေးက လည်းကောင်း၊  ပွဲကစားချိန် ၇၇ မိနစ်တွင် စည်သူနိုင်က လည်းကောင်း  ဆက်တိုက် သွင်းယူပေးနိုင်ခဲ့သည့်အတွက်  ဒုတိယပိုင်း ပွဲပြီးဆုံးချိန်တွင်   ဧရာဝတီ ယူနိုက်တက်က မဟာယူနိုက်တက်ကို ၆ ဂိုး ၁ ဂိုးဖြင့်  အနိုင်ရရှိသည်။

ဇူလိုင် ၁၁ ရက်နေ့ (ယနေ့)တွင် ရှမ်းယူနိုက်တက် အသင်းနှင့်  ရတနာပုံယူနိုက်တက် အသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။