သရက်စိုက်ပျိုးရာတွင် မြေမျိုးရာသီဥတုနှင့် စိုက်နည်းစနစ်မှန်ကန်ရုံ သာမက ပျိုးပင်မှန်ကန်မှုရှိရန်လည်း လိုအပ်

မိုးဦးကာလဖြစ်သော ဇွန်၊ ဇူလိုင်လတို့တွင် နှစ်ရှည်သီးနှံ သရက်ပင်များ  စတင်စိုက်ပျိုးလေ့ရှိသည်။ မြေဆီလွှာစိုထိုင်းဆ အလုံအလောက်ရှိပြီး  စိုက်ပျိုးသမျှအပင်များ  အောင်မြင်ဖြစ်ထွန်းမှု အားကောင်းသောကြောင့်  မိုးဦးကာလကို  သရက်ပင်စိုက်ပျိုးရန် အချိန်ကောင်းဟု သတ်မှတ်ကြခြင်း ဖြစ်သည်။

မြေမှန်၊ မျိုးမှန်၊ ရာသီဥတုမှန်၊ စိုက်နည်းစနစ်မှန်ဟူသော စကားရပ်နှင့်အညီ  ရာသီအရ တွက်ချက်ပါက ယခုအချိန်အခါတွင် သရက်စိုက်ပျိုးခြင်းသည် စိုက်ပျိုးချိန်အားဖြင့် မှန်ကန်သော်လည်း လိုအပ်သော အထွက်နှုန်းနှင့် အပင်ရှင်သန်ကြီးထွားမှု ရှိစေရေးအတွက် ပျိုးပင်ရွေးချယ်မှုနှင့်လည်း များစွာ ဆက်စပ်လျက်ရှိသည်။

သရက်ပင်  စတင်စိုက်ပျိုးမည်ဆိုပါက မျိုးဗီဇထိန်းရန်၊ အရိပ်ရပင်အဖြစ် စိုက်ပျိုးရန်၊ အရိပ်လည်းရ အသီးလည်းစားရန်၊ စီးပွားရေး အတွက်သာ စိုက်ပျိုးရန် စသည်ဖြင့်   အကြမ်းဖျင်း ကြိုတင်ဆန်းစစ်ရန် လိုအပ်သည်။

သရက်စတင် စိုက်ပျိုးသူများအနေဖြင့် ဈေးကွက်လိုအပ်ချက်၊   ဒေသရာသီဥတုနှင့် ကိုက်ညီသော မျိုးစိတ်များကိုသာ ရွေးချယ်စိုက်ပျိုးသင့်ပြီး အကင်းစား၊ အသီးစိမ်းစား၊   အမှည့်စားသရက်မျိုးများကို ရွေးချယ်စိုက်ပျိုးရမည်ဖြစ်သည်။  

ပျိုးပင်အမျိုးအစားများ အနေဖြင့်လည်း အစေ့ပျိုးပင်နှင့်    ကိုင်းကူးပျိုးပင်ဟူ၍ နှစ်မျိုးရှိသည့်အနက် အရိပ်ရရန်နှင့် အသီးစားသုံးရန် အစေ့ပျိုးသရက်ပင်ကို စိုက်ပျိုးသင့်ပြီး ကိုင်းကူးကိုင်းဆက်သရက်ပျိုးပင်များကို လျင်မြန်စွာအသီးသီးကာ ဈေးကွက်သို့ တင်ပို့ရောင်းချလိုသူများ စိုက်ပျိုးသင့်သည်။

သရက်ပင်စိုက်ပျိုးပါက သရက်ပျိုးပင်ရွေးချယ်ခြင်းမှာ    အဓိက တွက်ချက်ပြင်ဆင်ရမည့် အချက်ဖြစ်ပြီး  မျိုးဗီဇကောင်းမွန်ခြင်း၊ အနာရောဂါ ကင်းစင်ခြင်း၊ ကိုင်းကူးဆက်ထားမှု ကောင်းမွန်မှန်ကန်ခြင်း၊ ကျန်းမာကြံ့ခိုင်ပြီး  သန်မာသောအပင်ဖြစ်ခြင်း၊ ကူးပြီးသောအပင်ကို အညွန့်နှစ်ဆင့်ဖြစ်မှ ရွေးချယ်သင့်ခြင်း၊ ပန်းပွင့်နေသောပျိုးပင်နှင့် အသီးရှိနေသော ပျိုးပင်များကို ဝယ်ယူရန်မသင့်ခြင်း စသည့်အချက်များကို   သိရှိထားရန် လိုအပ်ကြောင်း   သိရသည်။                   

နန်းထက်ထက်ချစ်