(၆၇)ကြိမ်မြောက် ဗန်ကောက်ကျောက်မျက်ရတနာပြပွဲ၌ မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာကုမ္ပဏီများကို ပါဝင်ပြသရန် ဖိတ်ခေါ်

(၆၇)ကြိမ်မြောက် ဗန်ကောက်ကျောက်မျက်ရတနာပြပွဲကို စက်တင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာကုမ္ပဏီများကို ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

အဆိုပါ ကျောက်မျက်ရတနာပြပွဲ၌ လာရောက်ပြသမည့် ကုမ္ပဏီတစ်ခုလျှင် ပြခန်းတစ်ခန်းနှုန်း ပါဝင်ပြသ နိုင်မည်ဖြစ်ပြီး ပြခန်းများအတွက် လိုအပ်သည်များကို ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးမည်ဖြစ်၍ မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာ ကုမ္ပဏီများလည်း ပါဝင်ပြသရန်စီစဉ်နေကြောင်း သိရသည်။

ထိုပြပွဲတွင် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာကုမ္ပဏီများ   ပါဝင်ပြသခြင်းဖြင့် မြန်မာ့ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပစ္စည်းများအတွက်   နိုင်ငံတကာ၌   ဈေးကွက်သစ်များရှာဖွေနိုင်ပြီး    စီးပွားရေး အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာနိုင်ကြောင်း ပြည်တွင်းမှ ကျောက်မျက်လုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။

ပြည်တွင်း၌ ယခင်နှစ် မိုးရာသီကာလက ကျောက်မျက်ရတနာများ အရောင်းအဝယ်မကောင်းခဲ့သော်လည်း   ယခုနှစ်နှစ်စပိုင်းမှစ၍ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာကာ  ယခုမိုးရာသီကာလတွင်လည်း    ကျောက်မျက်ရတနာများ အရောင်းအဝယ် ဆက်လက်ကောင်းနေဆဲ ဖြစ်ကြောင်း  ရန်ကုန်မြို့ရှိ  ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ပြည်တွင်းမှထွက်ရှိသော မြန်မာ့ကျောက်မျက်ရတနာများကို ဂျပန်၊ တရုတ် စသည့်နိုင်ငံများမှ ကျောက်မျက် ကုန်သည်များနှင့် နိုင်ငံခြားခရီးသွား ဧည့်သည်များက အများဆုံးဝယ်ယူကြရာ    ပတ္တမြားကိုဝယ်ယူသူများပြီး ရောင်းအား အကောင်းဆုံးဖြစ်ကာ နီလာနှင့်   ကျောက်စိမ်းတို့မှာ   ဒုတိယရောင်းအားအကောင်းဆုံး ဖြစ်သည်။

ထို့ပြင်    နိုင်ငံခြားခရီးသွား ဧည့်သည်များသည်  လက်ဆောင်ပစ္စည်းများအဖြစ် ကျောက်မျက်အမျိုးမျိုးကို    ရွှေနှင့် တွဲ၍ ပြုလုပ်ထားသော လက်စွပ်၊ နားကပ် စသည်တို့ကိုလည်း  အဝယ်များလာပြီး  အဆိုပါ လက်ဆောင်ပစ္စည်း တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၅၀ ကျော်မှ ၆၅၀၀ ခန့်အထိရှိကြောင်း သိရသည်။          

 ဆောင်းဦး