နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့အတွင်း ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး(Seed Balls) များကြဲချစိုက်ပျိုး

နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့အတွင်း ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး(Seed Balls) များကြဲချစိုက်ပျိုး

နေပြည်တော်  ဇူလိုင် ၁၀

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့်  ကာကွယ်ရေးဝန်ကြီးဌာန တို့၏    ညှိနှိုင်းစီစဉ်မှုဖြင့်   ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့ အတွင်း သစ်တောပြုန်းတီးနေသော နေရာငါးနေရာတို့တွင် ရဟတ်ယာဉ်ဖြင့်   သစ်စေ့မြေလုံးများ ကြဲချခြင်း အခမ်းအနား ကျင်းပသည်။

၂၀၂၂ ခုနှစ် မိုးရာသီ ပြည်ထောင်စုနယ်မြေ  နေပြည်တော်   ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ဆင်သေချောင်းရေဝေရေလဲ ဧရိယာအတွင်း အထက်ဆင်သေကြိုးဝိုင်းရှိ နေရာသုံးနေရာ ဧရိယာ ၈၈ ဒသမ ၉၆ ဧကတွင် ဒေသနှင့် ကိုက်ညီသော သစ်ပင်အမျိုးအစား ရှစ်မျိုးဖြစ်သည့်   မြန်မာ ကုက္ကို၊  သင်္ဘောကုက္ကို၊  စစ်၊  မဲဇလီ၊ ဘောစကိုင်း၊  ဘုံမဲဇာ၊  မန်ဂျန်ရှားနှင့် ရေသကျည်းသစ်စေ့များဖြင့် ပြုလုပ်ထားသော သစ်စေ့မြေလုံး စုစုပေါင်း တစ်သိန်းလုံး ကြဲချခြင်း အခမ်းအနားသို့  သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး (ပတ်ဝန်းကျင်/သစ်တောရေးရာ) ဦးထွန်းအုံ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်း၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ  တက်ရောက် အားပေးကြပြီး   နံနက်  ၉ နာရီတွင် တပ်မတော်(လေ)မှ ရဟတ်ယာဉ်ဖြင့် ကြဲချခဲ့ကြောင်း  သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်   အင်းလေးကန် ရေဝေရေလဲဧရိယာအတွင်း   အင်းလေးအရှေ့ကြိုးဝိုင်းနှင့်  အင်းလေးအနောက် ကြိုးပြင်ကာကွယ်တောတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား ခြောက်မျိုးဖြစ်သည့်  မဲဇလီ၊  ကုလားကုက္ကို၊  ရင်းမာ၊ ပျဉ်းမ၊ ရေသကျည်း၊ ဘောစကိုင်း၊ သစ်စေ့များဖြင့် ပြုလုပ်ထားသော သစ်စေ့မြေလုံး စုစုပေါင်းနှစ်သိန်းလုံး ကြဲချရေး လုပ်ငန်းများကို ဆောင်ရွက်ရာ  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြပြီး မွန်းလွဲ ၁၂ နာရီ ၁၁ မိနစ်တွင် တပ်မတော်(လေ)မှ ရဟတ်ယာဉ်ဖြင့် ကြဲချခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၁ ခုနှစ်   မိုးရာသီတွင်လည်း တပ်မတော်(လေ)၏ ရဟတ်ယာဉ် အကူအညီကိုရယူ၍ သစ်စေ့မြေလုံးကြဲခြင်းကို ရှမ်းပြည်နယ် အင်းလေးကန် ရေဝေရေလဲဧရိယာတွင် ၂၀၀၀၀၀ လုံး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်  ဆင်သေချောင်း ရေဝေရေလဲဧရိယာတွင် ၁၀၀၀၀၀ လုံး၊ စုစုပေါင်း ၃၀၀၀၀၀ လုံး ကြဲချစိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့သည်။

သစ်စေ့မြေလုံးကြဲချ စိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း၊  လူအင်အား အနည်းငယ်ဖြင့်   ဧရိယာကျယ်ဝန်းစွာ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်း၊   သွားလာရန် ခက်ခဲသည့် တောင်ကုန်း၊ တောင်တန်းများတွင် ရဟတ်ယာဉ်များဖြင့် ဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပျိုးပင်ဖြင့် စိုက်ပျိုးခြင်းကဲ့သို့   ရှင်သန်အောင်မြင်မှု ရာခိုင်နှုန်း မများသော်လည်း  ထိရောက်မှုရှိသည်ဟု ဆိုနိုင်သည်။

၂၀၂၂ ခုနှစ် မိုးရာသီတွင်  ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်ရှိ  ဆင်သေချောင်း  ရေဝေရေလဲ ဒေသနှင့်  ရှမ်းပြည်နယ်  တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်  အင်းလေးကန် ရေဝေရေလဲဒေသများတွင်    သစ်စေ့ကြဲချခြင်း အောင်မြင်ရှင်သန်မှု အခြေအနေများကို၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် နမူနာကွက်များ ပြုလုပ်၍  အပင်ပေါက်ရောက်မှု ကာလနှင့် သစ်စေ့မျိုးအလိုက်  ပေါက်ရောက်ရှင်သန်နိုင်မှုအခြေအနေ စာရင်းကောက်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  သတင်းရရှိသည်။