မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း၏ တတိယအကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း၏ တတိယအကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

ရန်ကုန်  ဇူလိုင်  ၁၀

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ တတိယအကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးကို  ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာ လမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMF-  CCI ရုံးခန်းမ၌ ကျင်းပသည်။

 အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဒေါက်တာ ချာလီသန်း၊ ဒေါက်တာပွင့်ဆန်း၊  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု  လုပ်ငန်းရှင်များ အသင်းချုပ်   ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ  တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ အသင်းသား၊ အသင်းဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက   စိုက်ပျိုးရာသီ တစ်ရာသီ  နှစ်ရာသီအတွင်း စားသုံးဆီ သိသိသာသာ တိုးတက်ထုတ်လုပ်နိုင်ရေး အတွက် ဆီထွက်သီးနှံနေကြာ  ဧက ၁၅သိန်း    တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာတွင်  ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်း   အပြောင်းအလဲများကြောင့်  ပြည်တွင်းစားသုံးဆီ ဖူလုံရေးကို ထိခိုက်မှု မရှိစေရေးနှင့်  ဆီထွက်သီးနှံ ကုန်ကြမ်းတင်ပို့ ရောင်းချနေမှုမှ  အရည်အသွေးမြင့် စားသုံးဆီတင်ပို့သော  နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး  စီမံဆောင်ရွက်ခြင်း၊   ဆီထွက်နေကြာ တိုးတက်စိုက်ပျိုး ထုတ်လုပ်ရန် လိုအပ်သည့် နေကြာမျိုးကောင်း မျိုးသန့်မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးခြင်း၊  ယင်းလုပ်ငန်းအတွက်   ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ လိုသူများကို ဖိတ်ခေါ်ခြင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးစရိတ်ပံ့ပိုးမှု အစီအစဉ်အနေဖြင့် နေကြာသီးနှံ စိုက်ပျိုးစရိတ်ကို တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ ချေးငွေအဖြစ်  ပံ့ပိုးပေးခြင်းအပြင် နေကြာမျိုးစေ့ ထုတ်လုပ်သူအတွက် ငွေကျပ် ၈၀၀၀၀ တိုးမြှင့်ထုတ်ချေး ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ယခုကဲ့သို့သော  အခြေအနေ ကောင်းများကို အမိအရ ဆုပ်ကိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းရှင်များ အချင်းချင်းအကြား၊  သက်ဆိုင်ရာ အသင်းအဖွဲ့များအကြား ညီညီညွတ်ညွတ် ပူးပေါင်းပြီး စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

လက်ရှိ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှု စာရင်းများအရ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ တစ်နိုင်ငံလုံး၌  ဆီစက်အကြီးစား ၂၃၀ ကျော်၊ ဆီစက်အလတ်စား ၉၂၀ ကျော်၊  ဆီစက်ငယ် ၃၁၀၀ ကျော်ရှိသဖြင့် ဆီစက်အကြီးစားမှာ တစ်နိုင်ငံလုံးရှိ ဆီစက်အားလုံး၏ ၅ ရာခိုင်နှုန်းသာရှိနေပြီး ဆီစက်အလတ်စား ၂၁ ရာခိုင်နှုန်း၊ ဆီစက်ငယ်  ၇၃ ရာခိုင်နှုန်းရှိသည်ကို တွေ့နိုင်ကြောင်း၊ တစ်နှစ်လျှင်  စားသုံးဆီ ထုတ်လုပ်မှု  တန်ချိန် ၆၆၀၀၀ ကျော်သာရှိ၍ ဆီစက်လုပ်ငန်းများ  တိုးတက်ဖွံ့ဖြိုး လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံရေးသာမက စားသုံးဆီတင်ပို့သည့် နိုင်ငံအဖြစ်ရပ်တည် နိုင်သည့် အလားအလာကောင်းများ ရှိနေပါကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်ရန် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းနှင့်  ညီနောင်အသင်းများက ကျရာအခန်း ကဏ္ဍများမှ  တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်  တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက  ဆီထွက်သီးနှံ စိုက်ပျိုးရေးအတွက် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်အသင်းက လိုအပ်နေသော စက်ယန္တရားကြီးများ၊ စွမ်းအားမြင့်  လယ်ထွန်စက်ကြီးများ၊ မျိုးစေ့ချစက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ၊  ထုတ်လုပ်ခြင်းအတွက် လိုအပ်သော နည်းပညာနှင့် အထောက်အကူပြု လုပ်ငန်းများ၊  နေကြာဆီကြမ်းများကို ပြန်လည်သန့်စင်မည့် နည်းပညာနှင့် စက်ပစ္စည်းဆိုင်ရာ အသိပညာများကို ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက နှစ်စဉ်ဆီတန်ချိန် တစ်သန်းခန့်လိုအပ်မှုကို     ပြည်တွင်း ထုတ်လုပ်မှုဖြင့်     ဖြည့်ဆည်း ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်းဆီလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်လာရေးနှင့် နိုင်ငံခြားသုံးငွေ  လျှော့ချနိုင်ရေး အတွက် ပြည်တွင်း ထုတ်လုပ်မှုနှင့် သုံးစွဲမှုအပေါ် အခြေခံပြီး  ပြည်ပဆီ တင်သွင်းမှု လျှော့ချရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံများ  တိုးချဲ့စိုက်ပျိုးလျက် ရှိသကဲ့သို့ တစ်ချိန်တည်းတွင်  အဆင့်မြင့် ဆီစက်ကြီးများ ထူထောင်ရန် လိုအပ်နေမှုအပေါ် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးရန် လိုအပ်သည်များကို  အပြည့်အဝ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့်   ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  အစားအစာ ဘေးကင်းလုံခြုံရေးနှင့်   ကုန်ပစ္စည်း အညွှန်းစာများ မှန်ကန်ရေး၊  ကုန်ပစ္စည်း အရည်အသွေး  ထိန်းချုပ်ဆောင်ရွက်ရေး လိုအပ်ချက်များကို ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ ်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံ  ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌက အသင်းဖြစ်တည်လာမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

အခမ်းအနားအပြီးတွင်  ပြည်ထောင်စုဝန်ကြီးများနှင့်  ဧည့်သည်တော်များသည် ခန်းမအတွင်း  ဆီစက်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများက ခင်းကျင်း ပြသထားသည့် ပြခန်းများကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။