နေပြည်တော်ကောင်စီနယ်မြေအား ကျွဲ၊ နွား တိရစ္ဆာန်တို့တွင် ဖြစ်ပွားလေ့ရှိသည့် အရေပြားအကျိတ်နာ ရောဂါကာကွယ် ထိန်းချုပ်ရေး ဧရိယာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ လူမှုရေး

နေပြည်တော် ကောင်စီနယ်မြေအား ကျွဲ၊ နွားတိရစ္ဆာန်တို့တွင် ဖြစ်ပွားလေ့ရှိသည့် အရေပြားအကျိတ်နာရောဂါ ကာကွယ် ထိန်းချုပ် ရေး ဧရိယာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းထံမှ သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဇူလိုင် ၉ ရက်မနက်ပိုင်းတွင် ကျင်းပသည့် အရေပြားအကျိတ်နာရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါက်တာရဲထွန်းဝင်းက မိမိတို့ ဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်များတွင် တိရစ္ဆာန်ရောဂါကုသ၊ ကာကွယ်ဆေးများ ထုတ်လုပ်ခြင်းနှင့် ရောဂါကာကွယ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းလည်း အပါအဝင်ဖြစ်ကြောင်း၊ အရေပြားအကျိတ်နာရောဂါသည် အခြားရောဂါများနှင့် ကွဲပြား ခြားနားကြောင်း၊ ရောဂါဇာစ်မြစ်နှင့် ကူးစက်ပုံတို့ကို သေချာသိရှိရန်လိုအပ်ကြောင်း၊ ယခုလက်ရှိတွင် နေပြည်တော် ကောင်စီ နယ်မြေအား ရောဂါကာကွယ်ထိန်းချုပ်ရေးဧရိယာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် လည်း မိမိတို့တတ်ကျွမ်းသည့် ပညာရပ်များကိုအသုံးချ၍ ဦးစီးဌာန၏ လုပ်ငန်းများအောင်မြင်စေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြစေလိုကြောင်း၊ ပြည်သူလူထု အသိပညာပေးမှုအား အလေးထားဆောင်ရွက်ကြစေလိုကြောင်း” မှာကြားသည်။

ထို့နောက်  ဒေါက်တာမင်းသိမ်းမော်က ရောဂါဖြစ်ပွားမှု နောက်ခံသမိုင်းကြောင်း၊  ရောဂါကူးစက်ပျံ့နှံ့နိုင်သည့်အချက်များ၊  ရောဂါပိုး တွေ့ရှိနိုင်သော အရင်းအမြစ်များနှင့် ရောဂါပိုးအစပျိုးချိန်၊ ရောဂါလက္ခဏာများ၊ အခြားမှားယွင်းနိုင်သောရောဂါများ၊ ရောဂါဖြစ်ပွား မှုနှင့်သေဆုံးနှုန်း၊ ရောဂါကုသခြင်း၊ ပြည်သူ့ကျန်းမာရေး ထိခိုက်နိုင်မှုအခြေအနေ၊ ရောဂါထိန်းချုပ်ရေးမူဝါဒနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ ဆွေးနွေးပွဲတက်ရောက်လာသည့် မြို့နယ်အသီးသီးမှ တာဝန်ရှိသူများက ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် မိမိတို့မြို့နယ်များအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ကျွဲ၊ နွား တိရစ္ဆာန်များတွင် အရေပြားအကျိတ်နာ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရန်အတွက် ရောဂါကူးစက်ခံရသည့်ဒေသများရှိ ကျွဲ၊ နွားများ ဖြတ်သန်းသွားလာမှုနှင့် တင်ပို့ရောင်းချမှုကို ၂၁ ရက်ကန့်သတ်ခြင်း၊ ရောဂါကူးစက်ခံရသော ဒေသရှိ ကျွဲ၊ နွားများကို ကာကွယ်ဆေးထိုးခြင်း၊ ရောဂါနှင့်ပတ်သက်၍ စူးစမ်းလေ့လာမှုများပြုလုပ်ခြင်း၊ တရားမဝင် ကျွဲ၊ နွား သယ်ဆောင်မှုကို တားမြစ်ခြင်း၊ ရောဂါဖြစ်ပွားသောနေရာများတွင် နမူနာပစ္စည်းများကောက်ယူ၍ ရောဂါစစ် ဆေးခြင်း၊ ရောဂါပိုးသယ်ဆောင်နိုင်သော အင်းဆက်ပိုးမွှားများ ထိန်းချုပ်မှုပြုလုပ်ခြင်းနှင့် နမူနာပစ္စည်းများ ကောက်ယူစစ်ဆေးခြင်း၊ ရောဂါဖြစ်ပွားသည့် မွေးမြူရေးခြံများကို ပိုးသတ်ဆေးဖျန်းခြင်း စသည့်လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း နေပြည်တော် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာစံထွန်းဝေထံမှ သိရသည်။                           

ပြည့်ဖြိုး(မြဝတီ)