ထိုင်းအစိုးရက ဒေါ်လာ ၃၇ ဘီလီယံဖြင့် စမတ်မြို့တော်တစ်ခုကို တည်ဆောက်ရန်စီစဉ်

ထိုင်းအစိုးရက ဘန်ကောက်မြို့အနီးရှိ စက်မှုဇုန်တစ်ခုအတွင်း အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံ အကုန်အကျခံကာ စမတ်မြို့တော်တစ်ခုကို တည်ဆောက်ရန် စီစဉ်နေကြောင်းသိရသည်။

အဆိုပါ စမတ်မြို့တော်တည်ဆောက်ရေးအတွက် နိုင်ငံတကာရှိ ကားထုတ်လုပ်ရေးလုပ်ငန်း၊ စက်ရုပ် အသုံးပြုလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှ   ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံသွားမည့် ကတိများကိုလည်း ရရှိထားပြီးဖြစ်သည်။ ထိုစမတ်မြို့တော်ကို ဘန်ကောက်မြို့အရှေ့တောင်ဘက်မှ ကီလိုမီတာ ၁၆၀ အကွာ ချွန်ဘူရီပြည်နယ်၏ ဟွေယိုင်ခရိုင်ခွဲတွင် တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါ မြို့တော်တည်ဆောက်ရေးအတွက် လွှမ်းခြုံစီမံချက်ကို ဝန်ကြီးချုပ် ပရာယုချန်အိုချာဦးဆောင်သော      ကော်မတီတစ်ခုက ဇူလိုင် ၁၁ ရက်တွင်    အတည်ပြုလိုက်ပြီ ဖြစ်သည်။

ယခုအချိန်အထိ အမည်ပေးရခြင်းမရှိသေးသော ထိုစမတ်မြို့တော်ကို မြေအကျယ်ဟက်တာ ၂၃၄၀ ပေါ်တွင် လာမည့် ၁၀ နှစ်အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ပြီး ကုန်ကျစရိတ်အားဖြင့် ဘတ် ၁ ဒသမ ၃၄ ထရီလီယံရှိမည်ဟု ခန့်မှန်းထားကြောင်း တာဝန်ရှိသူများကပြောသည်။

အဆိုပါ စီမံကိန်းတွင် ကုမ္ပဏီများအတွက် ကုန်သွယ်ရေးဗဟိုဌာန ငါးခုပါဝင်သွားမည် ဖြစ်ပြီး ထိုနေရာများကို ငှားရမ်းသွားမည် ဖြစ်ကြောင်း အရှေ့ပိုင်းစီးပွားရေးစင်္ကြံကော်မတီမှ အတွင်းရေးမှူးချုပ် ဒေါက်တာကာနစ်ဆန် ဆူဘန်းက ပြောသည်။

ထို့ပြင် စီးပွားရေးကုမ္ပဏီများ၏ ဒေသတွင်းရုံးချုပ်များ ဖွင့်လှစ်နိုင်မည့် နေရာတစ်ခု၊ ဘဏ္ဍာရေးဗဟိုဌာနတစ်ခု၊ ကျန်းမာရေးလုပ်ငန်းများ၊  နိုင်ငံတကာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သန့်ရှင်းစွမ်းအင်နှင့် ၅ွ နည်းပညာကဲ့သို့ အနာဂတ်စက်မှုလုပ်ငန်းများအတွက် နေရာများလည်း ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ ၂၀၃၂ ခုနှစ်အရောက်တွင် လူဦးရေ သုံးသိန်းခွဲအထိနေထိုင်နိုင်မည့် လူနေရပ်ကွက်တစ်ခု ပါဝင်မည်ဖြစ်သည့်အပြင် အလုပ်အကိုင်နေရာပေါင်း နှစ်သိန်းကို ဖန်တီးပေးသွားနိုင်မည် ဖြစ်ကြောင်း ဒေါက်တာကာ နစ်ဆန်ဆူဘန်းက အတည်ပြုထားသည်။

လူနေရပ်ကွက်တွင်နေထိုင်မည့်သူအများစုမှာ စက်မှုဇုန်တွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်မည်ဖြစ်ပြီး အဆိုပါ စက်မှုဇုန်အနေဖြင့် လာမည့်ငါးနှစ်အတွင်း ဘတ် ၂ ဒသမ ၂ ထရီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ စီမံကိန်းအသစ်ကိုအကောင်အထည်ဖော်ရခြင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ထိုင်းနိုင်ငံက ဆုံးရှုံးလိုက်ရသည့် ဝင်ငွေများကို အစားထိုးရယူနိုင်ရေးအတွက် ဖြစ်ကြောင်း ဒေါက်တာကာ နစ်ဆန်ဆူဘန်းက ပြောထားသည်ဟု သိရသည်။                   

                            Ref: TST