နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့  Republic of the Tatarstan ရှိ Kazan Federal University သို့ သွားရောက်လေ့လာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့  Republic of the Tatarstan ရှိ Kazan Federal University သို့ သွားရောက်လေ့လာ

နေပြည်တော် ဇူလိုင် - ၁၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် Republic of the Tatarstan ၊ ကာဇန်မြို့ရှိ Kazan Federal University သို့ သွားရောက်လေ့လာသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် Kazan Federal University(Kazan State University)သို့ ရောက်ရှိကြရာ တက္ကသိုလ်မှဒုတိယပါမောက္ခချုပ် Mr.Timirkhan Alishev နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တက္ကသိုလ်အတွင်းလှည့် လည်၍ Meeting Hall များ၊ စာသင်ခန်းမများ၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပါမောက္ခများ၊ ထူးချွန်သူများ၏ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေး ပြောကြားသည်။

ယင်းနောက် ကျောင်းခန်းမတွင် ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်သမိုင်း အကျဉ်း၊ ဌာနအလိုက်ဖွဲ့စည်းထားရှိမှုများ၊ တက္ကသိုလ်မှ သင်ကြားပေးနိုင်သည့် ဘာသာရပ်များ၊  ကျောင်းသား၊ ကျောင်းသူများအတွက် နေထိုင်စားသောက်မှု အဆင် ပြေစေရေးစီစဉ်ဆောင်ရွက်ပေးထားရှိမှုများ၊ နိုင်ငံခြားမှ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများ လက်ခံထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ အား ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။

ထို့နောက် တက္ကသိုလ်မှဒုတိယပါမောက္ခချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်တို့သည်  အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။ယင်းနောက် Kazan Federal University အတွင်း လှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

အဆိုပါ Kazan Federal University ကို Imperial Kazan တက္ကသိုလ်အဖြစ် ၁၈၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထင်ရှားကျော်ကြားသည့် နက္ခတ္တဗေဒ ပညာရှင် Nikolai Ivanovich Lobachevsky က ၁၈၃၇ မှ ၁၈၇၆ ခုနှစ်အထိ ပါမောက္ခချုပ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ အော်ဂဲနစ်ဓာတုဗေဒပညာရပ်နှင့် Electron Spin Resonance အား ရှာဖွေတွေ့ရှိရာနေရာအဖြစ် ထင်ရှားကျော်ကြားခဲ့‌ ကြောင်း၊ Kazan တက္ကသိုလ်သည် ၂၀၁၁ ခုနှစ်တွင် Federal အဆင့်သို့ ချီးမြှင့်ခံခဲ့ရပြီး ရုရှားနိုင်ငံအစိုးရမှ ကျင်းပပြုလုပ်သည့် Project 5-100 ၌ ပါဝင်ခဲ့သည့် တက္ကသိုလ် ၁၈ ခုအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ဇီဝဆေးပညာနှင့် ဆေးဝါးပညာရပ်၊ ရေနံ သန့်စင်မှုနှင့် ထုတ်လုပ်မှုပညာရပ်၊ ဆက်သွယ်ရေးနှင့် အာကာသနည်းပညာဆိုင်ရာ ပညာရပ်နှင့် လူမှုရေးသိပ္ပံပညာရပ်တို့ကို အထူးပြုသင်ကြားလျက်ရှိကြောင်းသိရှိရ ပြီး ၂၀၂၀ ပြည့်နှစ်အရ နိုင်ငံခြားကျောင်းသားအရေအတွက် ၁၀၀၀၀ ကျော်ရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ၊ ထူးချွန်ဆုရ အမျိုးသား၊ အမျိုးသမီး အရာရှိများသည်လည်း ကာဇန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြည့်ရှုကြရာ သက်ဆိုင်ရာနေရာများအလိုက်မှ တာဝန်ရှိသူများ၊ သံရုံး၊ စစ်သံရုံးများမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်း ရရှိသည်။