​​​​​​​နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့  Republic of the Tatarstan ရှိ PJSC “Tatneft” ကုမ္ပဏီအမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံဆွေးနွေး၊ Kazan Hi-Technology

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့  Republic of the Tatarstan ရှိ PJSC “Tatneft” ကုမ္ပဏီအမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံဆွေးနွေး၊ Kazan Hi-Technology Park သို့ သွားရောက်လေ့လာ

နေပြည်တော် ဇူလိုင် - ၁၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of the Tatarstan၊ ကာဇန်မြို့ရှိ PJSC “Tatneft” ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး Kazan Hi-Technology Park သို့ သွားရောက်လေ့လာကြည့်ရှုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များအား PJSC “Tatneft”ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Mr. Nail Ultatovich MAGANOV (နာအီးလ် အူဖာသောဗစ်ချ် မာဂါနော့ဗ်)နှင့် တာဝန်ရှိသူတို့က ကုမ္ပဏီ၏ သမိုင်းအကျဉ်းနှင့် ခေတ်အဆက်ဆက် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့မှု၊ စက်ရုံနှင့် လုပ်ငန်းခွဲစက်ရုံများ ထုတ်လုပ် ဆောင်ရွက်နေမှု အခြေအနေများ၊ လောင်စာဆီအပြင် ရေနံမှ ထုတ်လုပ်သည့် အခြား လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ဆောင်ရွက်နေသည့် အခြေအနေများ၊ နိုင်ငံအဝန်းသို့ လောင်စာဆီများ တင်ပို့ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကုမ္ပဏီ၏ လုပ်ငန်း လည်ပတ်နေမှု လုပ်ငန်းစဉ်များအား ခေတ္တတည်းခိုနေထိုင်လျက်ရှိသည့် Republic of the Tatarstan သမ္မတ အထူးဧည့်ဂေဟာ ဧည့်ခန်းမဆောင်၌ powerpoint presentation များနှင့်တကွ လာရောက်ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များက မြန်မာနိုင်ငံ၏ လောင်စာဆီ လိုအပ်ချက်နှင့် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ “Tatneft”ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည့် အခြေ အနေများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်း များကို ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ နှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် “Tatneft”ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် Kazan Hi-Technology Park(IT Park) သို့ ရောက်ရှိကြရာ Republic of the Tatarstan ဒီဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့်  လူမှုရေးရာ စီမံခန့်ခွဲမှု ဒုတိယဝန်ကြီး Mr. Khidiyatallin lldar Rustamovich နှင့် တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြပြီး Kazan Hi-Technology Park(IT Park) အတွင်း နည်းပညာရပ်ပိုင်းဆိုင်ရာများဖြင့် program များရေးဆွဲ၍ လုပ်ငန်းဆောင်ရွက်လျက်ရှိ မှု အခြေအနေများအား လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် IT Park မှ ဌာနအလိုက် တာဝန်ရှိသူများက Kazan Hi-Technology Park(IT Park)၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဘာသာရပ် ဆိုင်ရာ သင်ကြားလေ့ကျင့်ပေးနေမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင် ပေးနိုင်မှု အခြေအနေများ၊ လိုအပ်သည့် နည်းပညာရပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု ပေးနိုင်သည့် အခြေအနေများ၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် Smart House နည်းပညာအပါအဝင် လုံခြုံရေး၊ ထိန်းချုပ်ရေး တို့နှင့် အခြားနည်းပညာရပ်ပိုင်းဆိုင်ရာ များ တပ်ဆင်မှုများကို ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို Powerpoint Presentation များဖြင့် ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။

အဆိုပါ Kazan Hi-Technology Park(IT Park) သည် သတင်းအချက်အလက် နည်းပညာနယ်ပယ်ရှိ ကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ရုရှားနိုင်ငံ၏ ပထမဆုံးသော နည်းပညာဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၀၉ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် Naberezhnye Chelny မြို့၌ ဒုတိယဌာနချုပ်ကို ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး IT Park နှင့် လက်တွဲလုပ်ကိုင်နေသည့် နိုင်ငံပေါင်း ၁၆ နိုင်ငံရှိကာ နည်းပညာကုမ္ပဏီပေါင်း ၁၃၀ ခုရှိကြောင်း၊ IT Park သည် ရုရှားနိုင်ငံ၏ နည်းပညာဆိုင်ရာ အဆင့်သတ်မှတ်ချက်တွင် နံပါတ် ၁‌ နေရာကို ရရှိထား ပြီး ယနေ့အချိန်အထိ ပညာရပ်ဆိုင်ရာ သင်ရိုးပေါင်း ၁၀၀ နှင့်အတူ နည်းပညာဆိုင်ရာ ပညာသင်တန်းသား ၈၂၇ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဒုတိယဌာနချုပ်တွင် အသက် ၁၁ နှစ်မှ ၁၇ နှစ်ကြား ကလေးငယ်စုစုပေါင်း ၄၂၀ ဦးကို Hardware Technology သင်ကြားပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။