ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)၊ ရန်ကုန်မှတောင်ငူအထိ စီမံကိန်း ရထားလမ်းပိုင်း လုပ်ငန်းပြီးစီးမှု အခြေအနေ၊ တံတား တည်ဆောက်မှု လုပ်ငန်းခွင်များနှင့် ရန်ကုန် RBE   ရထားစက်ရုံတို့အား ကြည့်ရှုစစ်ဆေး

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)၊ ရန်ကုန်မှတောင်ငူအထိ စီမံကိန်း ရထားလမ်းပိုင်း လုပ်ငန်းပြီးစီးမှု အခြေအနေ၊ တံတား တည်ဆောက်မှု လုပ်ငန်းခွင်များနှင့် ရန်ကုန် RBE   ရထားစက်ရုံတို့အား ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဇူလိုင်  ၁၃

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍  ယနေ့တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း(ပြွန်တန်ဆာစီမံကိန်းရုံး)၊ စီမံကိန်းရထားလမ်းပိုင်း   ပြီးစီးမှု အခြေအနေ၊  တံတားတည်ဆောက်မှုနှင့် ရန်ကုန်ရှိ Rail Bus Engine - RBE  စက်ရုံလုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာရာ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ရှိ ရန်ကုန်-တောင်ငူရထားလမ်းပိုင်း   အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)၏ ပဲခူး-ညောင်လေးပင် လမ်းပိုင်း (CP-102)စီမံကိန်းရုံး ရှင်းလင်းဆောင်သို့ နံနက်ပိုင်းတွင် ရောက်ရှိလာရာ    မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက  ကြိုဆိုခဲ့ကြသည်။ စီမံကိန်း ရှင်းလင်းဆောင်တွင်  ပြည်ထောင်စု ဝန်ကြီးအား တာဝန်ခံစီမံကိန်း အင်ဂျင်နီယာများက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းပြီးစီးမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းများ လျာထားချက်အတိုင်း ပြီးစီးနိုင်ရေး သုံးသပ်တင်ပြမှုအပေါ်  ပြည်ထောင်စုဝန်ကြီးက ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့်အပြင် အများပြည်သူ   သယ်ယူပို့ဆောင်ရေး (Public Transportation)အဖြစ် အရေးပါသည့် အတွက်   သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရေး၊ သတ်မှတ်စံနှုန်း အတိုင်း အရည်အသွေး ပြည့်မီရေးတို့ကို  အလေးအနက်ထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများအလိုက် သတ်မှတ်အချိန် ဇယားအတိုင်း ပြီးစီးနိုင်ရေးအတွက် ဌာနတာဝန်ရှိသူများ အနေဖြင့် နိုင်ငံခြားသား ကန်ထရိုက်တာ ကုမ္ပဏီများနှင့် လိုအပ်သလို  စနစ်တကျ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား  အမှတ်တရ လက်ဆောင်ပစ္စည်းများ  ပေးအပ်ခဲ့သည်။     

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါ စီမံကိန်းရုံးမှ ဆက်လက်ထွက်ခွာပြီး ဒိုက်ဦး-ဖောင်တော်သီ စီမံကိန်းလမ်းပိုင်း   မိုင်တိုင်အမှတ်(၈၀/၆-၇)၌ တည်ဆောက်နေဆဲဖြစ်သည့် တံတားအမှတ် (၁၁၁) ပေ ၁၈၀ အရှည်ရှိ  ကောလိယတံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိလာရာ စီမံကိန်း တာဝန်ရှိသူများက လုပ်ငန်းပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြပြီးနောက်  ပြည်ထောင်စု ဝန်ကြီးက   တံတားတည်ဆောက်ရေး လုပ်ငန်းခွင်တို့အား  လှည့်လည်ကြည့်ရှု စစ်ဆေးပြီး  စီမံကိန်းဝင် ဝန်ထမ်းနှင့် ပစ္စည်းများ၏ လုံခြုံရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ဂရုစိုက်ရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင်  ရန်ကုန်တိုင်း ဒေသကြီး ဒါးပိန်ဘူတာသို့ ရောက်ရှိလာပြီးနောက် ဒါးပိန်ဘူတာမှ ရန်ကုန်ဘူတာကြီးအထိ စီမံကိန်း လမ်းပိုင်းအတွင်း ရထားလမ်းနှင့် တံတားများ တည်ဆောက်ပြီးစီးမှု အခြေအနေကို ရထားဖြင့် လိုက်ပါစစ်ဆေးခဲ့ပြီး ရထားလမ်းဘေး   ဝဲ/ယာတစ်လျှောက် သန့်ရှင်းသာယာမှု ရှိစေရေး၊  ဘူတာဆိုင်းဘုတ်များ  သစ်လွင်တောက်ပမှု ရှိစေရေး၊ လိုအပ်ပါက ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ဘူတာကြီး ယာဒ်ဝင်းအတွင်းရှိ  Rail Bus Engine - RBE စက်ရုံသို့ ရောက်ရှိလာရာ စက်ရုံတာဝန်ရှိသူများက  RBE  ရထားများ မွမ်းမံပြင်ဆင်ရေး ဆောင်ရွက်သည့်လုပ်ငန်းစဉ်များကို  ရှင်းလင်း တင်ပြသည်။ တင်ပြမှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရထားတွဲများ မွမ်းမံပြင်ဆင်မှုကို အရည်အသွေး မြင့်မားစေရေး၊ လုံခြုံစိတ်ချမှု ရှိစေရေး   လိုအပ်ချက်များကို  မှာကြား ဖြည့်ဆည်းပေးခဲ့ပြီးနောက်   အရာထမ်း၊ အမှုထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်  ရန်ကုန်ဘူတာကြီး ယာဒ်ဝင်း၌ မွမ်းမံပြင်ဆင်မှု ဆောင်ရွက်နေသော ရထားတွဲဆိုင်းပေါ်သို့ တက်ရောက် ကြည့်ရှုစစ်ဆေး၍   လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ပေးခဲ့ကြောင်း  သတင်းရရှိသည်။