ငဖဲမြို့နယ် မာန်အောင်ကျေးရွာ၌ စွမ်းအားမြှင့်အေဝမ်းမီးဖို အလုံး ၁၀၀ ဖြန့်ဝေပေး

ငဖဲ  ဇူလိုင်  ၁၃

ငဖဲမြို့နယ် မာန်အောင်ကျေးရွာ၌ စွမ်းအားမြှင့်အေဝမ်းမီးဖို အလုံး ၁၀၀ ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စံပြကျေးရွာအဖြစ်တည်ထောင်မည့်   မာန်အောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ထင်းအစားအခြားလောင်စာ သုံးစွဲနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စေရန် ရည်ရွယ်၍ ဇူလိုင် ၁၃ ရက်တွင် စွမ်းအားမြှင့် အေဝမ်းမီးဖို အလုံး ၁၀၀ ကို အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းသိန်းက ဌာနမှအခမဲ့ ဖြန့်ဝေပေးသော မီးဖိုကို သုံးစွဲခြင်းဖြင့် ထင်းသုံးစွဲမှုကို ၄၀ရာခိုင်နှုန်းလျှော့ချနိုင်ကာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်ကြောင်း၊ တစ်အိမ် ထောင်ကို ထင်း ၁၀ ချောင်းကုန်လျှင် ယခုမီးဖိုကိုသုံးစွဲပါက ထင်းခြောက်ချောင်းသာကုန်ပြီး လေးချောင်းသက်သာကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးပြောကြားပြီး ထင်းအစားအခြား လောင်စာသုံးစွဲ ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

ထို့နောက် ငဖဲမြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းသိန်းနှင့် ဝန်ထမ်းများက မင်းဘူးမြို့   မြန်မာမြေကုမ္ပဏီမှ ထုတ်လုပ်သော သံပုံးစွပ် စွမ်းအားမြှင့်အေဝမ်းမီးဖိုအလုံး ၁၀၀ ကိုတစ်အိမ်ထောင်လျှင် မီးဖိုတစ်လုံးနှုန်းဖြင့် အိမ်ထောင်စု ၁၀၀ အား အခမဲ့ဖြန့်ဝေပေးအပ်ပြီး ကျန်ရှိသောအိမ်ထောင်စု ၉၉ စုကို ယခုလအတွင်း ဆက်လက်ဖြန့်ဝေ ပေးမည်ဖြစ် ကြောင်း သိရသည်။

မယု(ငဖဲ)