အနတ္တ လက္ခဏသုတ် ဟောကြားရာ ဝါဆိုလပြည့်ကျော် ၅ ရက်

''ရုပ်ကားဓာတ်မျှ၊ အနတ္တတည်း၊ သတ္တစနစ်၊ အတ္တဖြစ်လျှင်၊ အစဉ်ဖြစ်ပျက်၊ နှိပ်စက်ဖို့သာ၊ မဖြစ်ရာ တည်း။ငါ၏ရုပ်မှာ၊ ဤပုံသာလျှင်၊ ဖြစ်ပါစေသား၊ ဤပုံအားဖြင့်၊ ဆိုးဝါးယွင်းယို၊ မဖြစ်လိုဟု၊ ဆိုတ တိုင်းသာ၊ ဖြစ်ခဲ့ရာ၏။ ခုမှာသက်သက်၊ အပျက်ပျက်ဖြင့်၊ နှိပ်စက်ခြင်းငှာ၊ ဖြစ်ခဲ့ပါ၏။ လိုရာရုပ်ကောင်း၊ သူပန်တောင်းလည်း၊တောင်းတိုင်းမရ၊ အဆိုးရခဲ့၊ တွက်ဆသေချာ၊ ဤခြင်းရာကြောင့်၊ ရုပ်မှာအတ္တ၊ ရှာမရဘဲ။ အနတ္တစစ်၊ တကယ်ဖြစ်ဟု၊ ရှင်ချစ်ဒေသနာ၊ အဟောလာ၏။''

မြတ်စွာဘုရားက ဤသို့လျှင် စကားဦးတင်တရားဆင်၍ ဝါဆိုလပြည့်ကျော် ၅ ရက်နေ့၌ ပဉ္စဝဂ္ဂီ ရဟန်းတို့၏အရဟတ္တဖိုလ်အကျိုးငှာ အနတ္တလက္ခဏသုတ်တရားတော်ကို ဟောကြားတော်မူသည်။ အခါတစ်ပါး မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပဓာနမိဂဒါဝုန်တော၌ သီတင်းသုံးနေ တော်မူ၏။ မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့၌ ပဉ္စဝဂ္ဂီရဟန်းတို့အား ဓမ္မစကြာ ဒေသနာကို ဟော တော်မူပြီး၍ နေ့ရက်အစဉ် ထေရ်အစဉ်အားဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်စေတော်မူပြီးနောက် နောက်တစ်နေ့ဖြစ်သော ဝါဆိုလပြည့်ကျော် ၅ ရက်နေ့၌ အနတ္တလက္ခဏသုတ်ကို ဟောကြားခြင်းဖြစ် သည်။

''ပဉ္စဝဂ္ဂီရဟန်းတို့...ရုပ်သည်အတ္တမဟုတ်။ ရုပ်သည်အတ္တဖြစ်ခဲ့ငြားအံ့။ ဤရုပ်သည် နာကျင်ခြင်းငှာ မဖြစ်ရာ။ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရကောင်းရာ၏။ ပဉ္စဝဂ္ဂီရဟန်းတို့...ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်နေရ၏။ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်ဟု ရုပ်၌ တောင့်တမှုကိုရလည်းမရ။'' ''ဧဝံ မေ သုတံ-ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိဣသိပတနေ မိဂဒါယေ။ တတြခေါ ဘဂဝ ပဉ္စဝဂ္ဂီယေ ဘိက္ခူအာမန္တေသိ ဘိက္ခဝေါ တိ။''အစချီ အနတ္တလက္ခဏသုတ် နိဒါန်းပြီးနောက် ရူပက္ခန္ဓာ အနတ္တဖြစ်ပုံတွင် မြတ်စွာဘုရားက အထက်ပါအတိုင်း ဟောကြားထားပါသည်။

ဝေဒနက္ခန္ဓာအနတ္တဖြစ်ပုံတွင် ခံစားမှုဝေဒနာသည် အတ္တမဟုတ်။ အတ္တဖြစ်ခဲ့ငြားအံ့။ ဤခံစားမှုဝေဒနာ သည် နာကျင်ခြင်းငှာမဖြစ်ရာ။ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ဤသို့မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကိုရကောင်းရာ၏။ ခံစားမှုဝေဒနာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်နေရ ၏။ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ဤသို့မဖြစ်စေလင့်ဟု ရုပ်၌ တောင့်တမှုကိုရလည်းမရ။ ဘုရားရှင် သည် မှတ်သားမှုသညာသည် အတ္တမဟုတ်။အတ္တဖြစ်ခဲ့ငြားအံ့။ ဤမှတ်သားမှုသညာသည် နာကျင်ခြင်း ငှာမဖြစ်ရာ။ ပဉ္စဝဂ္ဂီရဟန်းတို့ မှတ်သားမှုသညာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်း ငှာဖြစ်နေ ရ၏။ ငါ၏မှတ်သားမှုသညာသည် ဤသို့ဖြစ်စေ၊ဤသို့မဖြစ်စေလင့်ဟု သညာ၌တောင့်တမှုကိုရလည်း မရ။''စသည်တို့ကို ''သညက္ခန္ဓာအနတ္တဖြစ်ပုံ''တွင် ဟောတော်မူ၏။

သင်္ခါရက္ခန္ဓာအနတ္တဖြစ်ပုံတွင် ''သင်္ခါရာအနတ္တာ။ သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊ န ယိမေသင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ-ပြုလုပ်အားထုတ်မှု သင်္ခါရတို့သည် အတ္တမဟုတ်။ ပြုလုပ် အားထုတ်မှု သင်္ခါရတို့သည် အတ္တဖြစ်ခဲ့ကုန်ငြားအံ့။ ဤပြုလုပ်အားထုတ်မှု သင်္ခါရတို့သည် နာကျင်ခြင်း ငှာမဖြစ်ကုန်ရာ'' စသည်ဖြင့် သင်္ခါရတို့၌ တောင့်တမှုကိုမရနိုင်ပုံအား ဟောကြားပါသည်။

ဘုရားရှင်သည် ဝိညာဏက္ခန္ဓာအနတ္တဖြစ်ပုံတွင်လည်း ကြံသိမှုစိတ်ဝိညာဉ်သည် အတ္တမဟုတ်။ အတ္တ ဖြစ်ခဲ့ငြားအံ့။ ဤကြံသိမှုစိတ်ဝိညာဉ်သည် နာကျင်ခြင်း မဖြစ်ရာ။ ငါ၏စိတ်ဝိညာဉ်သည် ဤသို့ဖြစ်စေ၊ ဤသို့မဖြစ်စေလင့်ဟု စိတ်ဝိညာဉ်၌ တောင့်တမှုကိုရကောင်းရာ၏။ ပဉ္စဝဂ္ဂီရဟန်းတို့ ကြံသိမှု စိတ် ဝိညာဉ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာမဖြစ်ရာ။

ငါ၏ကြံသိမှုစိတ်ဝိညာဉ်သည် ဤသို့ဖြစ်စေ၊ ဤသို့မဖြစ်စေလင့်ဟု စိတ်ဝိညာဉ်သည် တောင့်တမှုကို ရကောင်းရာ၏။''ဟူ၍ အတ္တနှင့်အနတ္တကို အဖြူအမည်း သဲကွဲထင်ရှားအောင် ဟောကြားတော်မူလေ သည်။ အနတ္တဟူသောပါဠိစကားကို ဆရာဦးထွန်းမြင့်၏ ပါဠိသက်ဝေါဟာရအဘိဓာန်တွင် ငါမဟုတ်ဟု ဖွင့်ဆိုသည်။ (ပါ၊ အနတ္တ။ အန-အတ္တ၊ အန(န)-မဟုတ်၊ အတ္တ-ငါဟုခေါ်သော အနှစ်သာရ) ''အနတ္တဟူသော သဘော၌ အတ္တသဒ္ဒါသည် ဤကိုယ်ကိုမဟော၊ မိစ္ဆာဒိဋ္ဌိတို့အယူ အတ္တကိုသာ ဟော သောကြောင့် ဘဝတစ်ခုမှသည် ဘဝတစ်ခုသို့ကူးပြောင်း၍ ပါတတ်သည်ဟု ပုထုဇဉ်တို့ထင်မှတ်သော အသက်ဇီဝမရှိဟူသောမြတ်စွာ ဘုရားအလိုတော် စသည်ဖြင့် ဝိမုတ္တိရသကျမ်း၌ ဖော်ပြထားသည်။ ဦးပုညဝတ္ထုပေါင်းချုပ်၌ အနတ္တကို အတ္တဟုအထင်ရောက်သောကြောင့်''ဟုပါရှိရာ လူမြောက်မြားစွာ၏ အတ္တနှင့်အနတ္တမကွဲပြားပုံကို သိရှိနိုင်၏။မမြဲခြင်းအနိစ္စသဘောနှင့် ဆင်းရဲခြင်းဒုက္ခသဘောကို သတ္တဝါများ သိလွယ်မြင်လွယ်ကြသော်လည်း အနတ္တသဘောကား အသိခက်ခဲ၏။ အနတ္တဟူသော ဓာတ်သဘောကို သာသနာတွင်း၊ သာသနာပနှစ်ဌာနတို့၌ သဘာဝအားဖြင့် တည်ရှိနေသော ဓာတ် သဘောအဖြစ်မှတ်သားနိုင်သည်။ သာသနာပအခါတွင် ထုတ်ဖော်ဟောကြားနိုင်သည့် ပုဂ္ဂိုလ်မရှိ၍ အနတ္တသဘောကို သတ္တဝါများသိခွင့်မရကြပေ။ ဂေါတမမြတ်စွာ ဘုရားပွင့်တော်မူသည့် အခါတွင်မှသာ တိတိကျကျ ထုတ်ဖော်ဟောကြားသည့်အတွက် အနတ္တသဘောကို သိခွင့်ရခြင်းဖြစ်ပေသည်။

ဂေါတမဘုရားရှင်သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်၊ လထွက်ချိန်တွင် ဓမ္မစကြာ တရားတော်ကိုဟောကြားရာ နာယူကြပြီး အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိပဉ္စဝဂ္ဂီငါးဦးတို့ နေ့ရက်အစဉ် ထေရ်စဉ်အလိုက် သောတာပန်ဘွဲ့ထူး ရရှိသွားပြီး ဝါဆိုလ ပြည့်ကျော် ၅ ရက်နေ့တွင် အနတ္တလက္ခဏတရားတော်ကို ဟောကြားရာ ပဉ္စဝဂ္ဂီရဟန်းများ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြ၏။ ထို့ကြောင့် ဘုရားရှင် အနတ္တလက္ခဏသုတ်ကို ဟောကြား တော်မူသည့် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့ကို ဗုဒ္ဓဘာသာဝင်သူတော်စင်များက အနတ္တလက္ခဏ အခါတော်နေ့အဖြစ် အထိမ်းအမှတ် ကုသိုလ်ယူကြသည်။

အနတ္တလက္ခဏသုတ်ကို သုံးသပ်သော် အပိုင်းငါးပိုင်းဖြင့် ဖွဲ့စည်းထားကြောင်း ပညာရှင်များဆို မိန့်ပါသည်။ ဗုဒ္ဓဘာသာဝင်များရွတ်ဆိုနေသော အနတ္တလက္ခဏသုတ် ပါဠိတော်တွင် အနတ္တလက္ခဏ သုတ်အမွှမ်းနှင့်သုတ် နိဒါန်းပြီးသော် အနတ္တဖြစ်ကြောင်း လက်တွေ့ပြပုံပါဠိတော်ကို ရွတ်ဆိုရပါသည်။ ရူပက္ခန္ဓာအနတ္တဖြစ်ပုံ၊ ဝေဒနက္ခန္ဓာ အနတ္တဖြစ်ပုံ၊ သညက္ခန္ဓာအနတ္တဖြစ်ပုံ၊ သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ၊ ဝိညာဏက္ခန္ဓာအနတ္တ ဖြစ်ပုံအပိုင်းသည် အပိုင်း(၁)ဖြစ်ပါသည်။ ဆောင်းပါး၏ ကနဦးဖော်ပြချက်တွင် ပါရှိပြီးဖြစ်သည့် ခန္ဓာငါးပါးအနတ္တဖြစ်ပုံ အပိုင်းကိုဆိုလိုပါသည်။

ဒုတိယပိုင်းမှာ အနိစ္စ၊ ဒုက္ခဖြင့် အနတ္တတင်ပုံဖြစ်သည်။ ဤအပိုင်းတွင် ရူပက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး၊ ဝေဒနက္ခန္ဓာလေးပါး၌ လက္ခဏာရေးသုံးပါး၊ သညက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး၊ သင်္ခါရက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး၊ဝိညာဏက္ခန္ဓာ၌ လက္ခဏာရေးသုံးပါးတို့ ပါဝင်သည်။ ခန္ဓာငါးပါးတို့အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်ပုံ ဆင်ခြင်မိစေသော အပိုင်းဖြစ်သည်။ တတိယပိုင်းသည် ရုပ်တရားကို တဏှာ၊ မာန၊ ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ၊ ဝေဒနာတရားကို တဏှာ၊ မာန၊ ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ၊ သညာတရားကိုတဏှာ၊ မာန၊ ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ။ သင်္ခါရတရားကို တဏှာ၊ မာန၊ ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ၊ ဝိညာဉ်တရားကို တဏှာ၊မာန၊ ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံတို့ကို ဟောကြားထားခြင်းဖြစ်သည်။ ဤအပိုင်းသည် ခန္ဓာငါးပါးကို''ငါ၏ဥစ္စာမဟုတ်။ ငါမဟုတ်။ ငါ၏အလို သို့မလိုက်''ဟူ၍ ဟုတ်တိုင်းမှန်စွာ ကောင်းမြတ်သော ဝိပဿနာပညာ၊ မဂ်ပညာဖြင့် သိရှိအပ်ကြောင်း လမ်းညွှန်ဟောကြားထားခြင်းဖြစ်သည်။

ထင်ရှားအောင်သာဓကဆောင်ရသော် ဝိညာဉ်တရားကို တဏှာ၊ မာန၊ ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ ကို အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အတွင်း၊ အပြင်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အဝေး၊ အနီးဖြစ်သော အလုံးစုံသောရုပ်ကို ဤဝိညာဉ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဉ်သည် ငါမဟုတ်။ ဤဝိညာဉ်သည် ငါ၏အတ္တမဟုတ်ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်သောပညာဖြင့် ရှုရမည်ဟု ဟော ကြားတော်မူခြင်းဖြစ်ပေသည်။

ဆက်လက်၍ မြတ်စွာဘုရား ဟောကြားသည်မှာ နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ ဖြစ်သည်။ ''ပဉ္စဝဂ္ဂီရဟန်းတို့ ဤသို့ရှုသောအကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်းငြီး ငွေ့၏။ ဝေဒနာ၌လည်း ငြီးငွေ့၏။ သညာ၌လည်းငြီးငွေ့၏။ သင်္ခါရတို့၌လည်းငြီးငွေ့၏။ ဝိညာဉ်၌ လည်းငြီးငွေ့၏။ ငြီးငွေ့သော် စွဲမက်မှုကင်း၏။ စွဲမက်မှုကင်းခြင်းကြောင့် ကိလေသာမှလွတ်မြောက်၏။ ကိလေသာမှလွတ်မြောက်သော် ကိလေသာမှလွတ်မြောက်ပြီဟု အသိဉာဏ်ဖြစ်ပေါ်၏။ ပဋိသန္ဓေနေမှု ကုန်ပြီ။ အကျင့်မြတ်ကိုကျင့်သုံးပြီးပြီ။ ပြုဖွယ်ကိစ္စကိုပြုပြီးပြီ။ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟုသိ၏''ဟုမြတ်စွာဘုရားဟောတော်မူသည့် အကြောင်းသည် စတုတ္ထပိုင်းဖြစ်သည်။ တစ် ဆင့် ထက်တစ်ဆင့်လေးလေး နက်နက်တွေးတောဆင်ခြင် လိုက်နာရမည့် အပိုင်းများ ဖြစ်သတည်း။

အနတ္တလက္ခဏသုတ်၏ နိဂုံးကမ္ပတ်အဆုံးသတ်ဖြစ်သော ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ အစချီပါဠိတော်သည် ပဉ္စဝဂ္ဂီရဟန်းတို့ မြတ်စွာဘုရား မိန့်တော်မူသော တရားစကားကို နှစ်လို သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာခံယူကြပုံကိုပြဆိုထားသည်။ ပဉ္စဝဂ္ဂီရဟန်းတို့၏စိတ်သည် မစွဲလမ်းမူ၍ အာသဝေါတရားလေးပါးတို့မှ လွတ်မြောက်ကုန်၏ဟု ပြဆိုထားသော ပဉ္စဝဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ ကဏ္ဍသည် ပဉ္စမပိုင်းဖြစ်၏။ ဤအပိုင်းသည် အနတ္တလက္ခဏသုတ်၏ ပန်းတိုင်ရသလည်းမည်ပေသည်။ ဆောင်းပါးအစ၌ဖော်ပြခဲ့သော ရုပ်ကားဓာတ်မျှ၊ အနတ္တတည်းအစချီသော မြတ်စွာဘုရား၏ အနတ္တ လက္ခဏသုတ် စကားဦးမှစကာ ဝေဒနာသညာ၊ သင်္ခါရက္ခန်၊ ဝိညာဉ်တရား၊ ဤလေးပါးလည်း အလားတူစွာ မကွာနှိပ်စက်၊ ပျက်စီးတတ်စွာ၊ လိုရာတသ၊ တ မရ၍ အနတ္တသာ၊ ဖြစ်ခဲ့ပါဟု ဆက်လက် ဟောကြားသော အနတ္တသဘောမှာ သေချာစေ့ငုမှတ်သားဖွယ်ကောင်းလှပါသည်။

အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကို စောကြောဧကန် အမှန်ကို သုံးသပ်ပါက ခန္ဓာငါးပါးကား ငါမဟုတ် ပါတကား။ ငါ့ဥစ္စာဟူ၍မရှိပါတကား။ ငါဟူသောအတ္တသည် ရှာမရပါတကားဟု ဉာဏ်အမြင်တွင် ထင် လာမည်ဖြစ်ပေသည်။ သို့ဖြစ်ရာ အနတ္တသဘောကို ပြက်ပြက်ထင်ထင ်ရှုမြင်သူတို့သည် ပဉ္စဝဂ္ဂီ ရဟန်းတို့ အရဟတ္တဖိုလ် ဆိုက်ရောက်ပုံကို နှလုံးသွင်း၍ နေ့နေ့ညည ရိုသေစွာရွတ်ဖတ်သရဇ္ဈာယ်၍ ခန္ဓာငါးပါး၏မမြဲသော ဆင်းရဲသော အစိုးမရသော လက္ခဏာကိုရှုဆင်ခြင်လျက် တစ်ဆင့်ထက် တစ်ဆင့်မြင့်သောတရားထူးများဖြင့် အရဟတ္တဖိုလ်ပေါက်အောင် အားထုတ်နိုင်ပါစေကြောင်း ရေးသား အပ်ပါသတည်း။ ပါမောက္ခ ခိုင်ခိုင်ရီ