၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ချုပ်ပြီးအထည်များ အပါအဝင်စက်မှုကုန်ကြမ်းနှင့် လယ်ယာထွက်ကုန် ပစ္စည်း အများဆုံးတင်ပို့ထား

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ချုပ်ပြီးအထည်များ အပါအဝင်စက်မှုကုန်ကြမ်းနှင့် လယ်ယာထွက်ကုန် ပစ္စည်း အများဆုံးတင်ပို့ထား

ရန်ကုန်  ဇူလိုင်  ၁၄

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ချုပ်ပြီးအထည်များအပါအဝင် စက်မှုကုန်ကြမ်းပစ္စည်းကို အများဆုံး တင်ပို့ထားပြီး လယ်ယာထွက်ကုန်ပစ္စည်းကို ဒုတိယအများဆုံးတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သိရသည်။

ထိုသို့တင်ပို့ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၁ ရက်အထိ စက်မှုကုန်ကြမ်းပစ္စည်း အမေရိကန်ဒေါ်လာ ၂၆၉၉ ဒသမ ၃၈၅ သန်းဖိုး တင်ပို့ထားနိုင်ကြောင်း သိရသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံမှ တင်ပို့သည့် စက်မှုကုန်ကြမ်းများတွင် ချုပ်ပြီးအထည်များကို အများဆုံးတင်ပို့နိုင်သည့်အပြင်   ပြည်ပနိုင်ငံများသို့ တင်ပို့သော အမယ်များတွင် စက်မှုကုန်ကြမ်းပစ္စည်းများကို အများဆုံးတင်ပို့နိုင်ခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကာလတူက စက်မှုကုန်ကြမ်းပစ္စည်း အမေရိကန်ဒေါ်လာ  ၁၉၅၈ ဒသမ ၅၇၅  သန်းဖိုး တင်ပို့နိုင်ခဲ့သည့် အတွက် ယခုနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၄၀ ဒသမ ၈၁ သန်းဖိုး  ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  ဧပြီ ၁ ရက်မှ ဇူလိုင် ၁ ရက်အထိ သုံးလတာကာလအတွင်း လယ်ယာထွက်ကုန်  အမေရိကန်ဒေါ်လာ  ၁၀၉၇ ဒသမ ၈၀၉ သန်းဖိုးအထိတင်ပို့နိုင်ခဲ့ပြီး ပုဂ္ဂလိကပိုင်များမှ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သုံးလတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့်အမယ်များတွင် လယ်ယာထွက်ကုန် ပစ္စည်းများကို ဒုတိယအများဆုံးတင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကာလ တူက အမေရိကန်ဒေါ်လာ ၁၁၀၂ ဒသမ ၆၀၅ သန်းဖိုး တင်ပို့ နိုင်ခဲ့သည့်အတွက် ယခု နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၉၆ သန်းဖိုး လျော့နည်းခဲ့ကြောင်း သိရသည်။

နဒီ