စက်မှုလယ်ယာနည်းပညာသင်တန်း ကျောင်းသား ကျောင်းသူများအား ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းလက်တွေ့သရုပ်ပြ

ဝါးခယ်မ၊ စိုက်ပျိုးရေး

စက်မှုလယ်ယာနည်းပညာသင်တန်း ကျောင်းသား ကျောင်းသူများအား ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းလက်တွေ့သရုပ်ပြ

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှဦးဆောင်၍ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ဝါးခယ်မ)မှ   စက်မှုလယ်ယာ နည်းပညာသင်တန်း ကျောင်းသား၊ ကျောင်းသူများအား KUBOTA ကောက်စိုက်စက် (ခြောက်တန်းသွား) ဖြင့် စပါးစိုက်ပျိုးခြင်း မလက်တွေ့သရုပ်ပြပွဲကို ဇူလိုင် ၁၃ ရက် ညနေ ၃ နာရီခွဲတွင် ကြာဖြူကျေးရွာအုပ်စု သဲကုန်းကျေးရွာ ကွင်းအမှတ် (၁၀၀၃) ဦးပိုင်အမှတ်(၁၇/၂) တောင်သူ ဦးရွှေပွား၏ လယ်ယာမြေ၌ ကျင်းပသည်။

သရုပ်ပြပွဲတွင် မြို့နယ်စက်မှု လယ်ယာဦးစီးဌာနဦးစီးမှူး ဦးစည်သူကျော်က ကျောင်းသား၊ ကျောင်းသူများ၊ တောင်သူလယ်သမား များအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရခြင်း၏ အကျိုးကျေးဇူးများ၊ စက်မှုပိုင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်း ပြောကြား ပေးကာ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့လိုက်ပါမောင်းနှင် ပြသပေးသည်။

ယခုကဲ့သို့  ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊  မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များ ပြုပြင်ထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း၊ ပျိုးပင်များနုတ်ယူရန်မလိုခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ကောက်စိုက်ရာတွင် လူအင်အား အသုံးပြုမှုနည်းပါးခြင်းနှင့် သက်သောင့် သက်သာ စိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမြန်ခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ အောက်ပင်လှန်ရန် စောင့်ဆိုင်းရန် မလိုခြင်း၊  ပျိုးပင်ပွားမှုနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့်စပါးခင်းအား ရိတ်စက်၊  ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းသိရသည်။

ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)