နဂါးမောက်သီးကို ပြည်တွင်းပြည်ပဈေးကွက် အလားအလာပိုမိုကောင်းမွန်ရန် အော်ဂဲနစ်စနစ်ဖြင့်စိုက်ပျိုးသင့်

နဂါးမောက်သီးကို ပြည်တွင်းပြည်ပဈေးကွက် အလားအလာပိုမိုကောင်းမွန်ရန် အော်ဂဲနစ်စနစ်ဖြင့်စိုက်ပျိုးသင့်

ပြင်ဦးလွင်၊ စိုက်ပျိုးစီးပွား

ပြည်တွင်း၌ စားသုံးသူများသည့် အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသောသီးနှံများကို ယခင်ကထက် စားသုံးမှုပိုမိုများပြားလာသည့် အပြင် ပြည်ပဈေးကွက်သို့တင်ပို့ရာတွင်လည်း ဈေးကွက်ပိုမိုလွယ်ကူသည့်အတွက် နဂါးမောက်သီးစိုက်ပျိုးရာတွင် ပြည်တွင်းပြည်ပ ဈေးကွက်အလားအလာ ပိုမိုကောင်းမွန်ရန် အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးသင့်ကြောင်း နဂါးမောက်သီး စီးပွားဖြစ်စိုက်ပျိုးသူများ၏ ပြောကြားချက်အရ သိရသည်။

ယခင်နှစ်များက အော်ဂဲနစ်စနစ်ဖြင့်စိုက်ပျိုးထားသည့် နဂါးမောက်သီးများကိုမလေးရှား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့သို့ တင်ပို့ခြင်း များရှိရာ ယခုနှစ်တွင်လည်း စင်ကာပူနိုင်ငံမှ အမှာစာများရရှိထားသော်လည်း အထွက်နှုန်းနည်းနေသောကြောင့် တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးတာရှိပေမယ့် စိုက်ပျိုးသူနည်းနေသေးတဲ့အတွက် လိုသလောက် မတင်ပို့နိုင်ကြသေးဘူး။ ဒေသတွင်း လိုအပ်ချက်တွေလည်းရှိနေလို့ တိုးချဲ့စိုက်ပျိုးသင့်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှ နဂါးမောက်သီး စိုက်ပျိုးသူ တစ်ဦးက ပြောသည်။

လတ်တလောတွင် သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးခြင်းအတွက် သင်တန်းများပေးခြင်း၊ အသိ အမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်းနှင့် စိုက်ပျိုးသည့်ခြံများအရောက် လိုက်လံစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်။

အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးပါက သဘာဝမြေသြဇာကို အဓိကအသုံးပြုရခြင်းဖြစ်ကာ ယခုနောက်ပိုင်းတွင် အရည်အသွေး ကောင်းမွန် ရန်နှင့် ဈေးကောင်းရရှိရန် အချိန်စောသီးခြင်းနှင့် နောက်ကျသီးခြင်းများ၊ ဓာတ်မြေသြဇာနှင့် ဟော်မုန်းဆေးသုံးစွဲမှု များပြားလာ ခြင်းများ ရှိလာကြောင်း သိရသည်။

နဂါးမောက်သီးကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်နှင့်ပုပ္ပားဒေသအနီးတစ်ဝိုက်၌ အများဆုံးစိုက်ပျိုးလေ့ရှိကာ တောင်ကြီး၊ မိတ္ထီလာ၊ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့အပြား၌လည်း စိုက်ပျိုးကြကြောင်း သိရသည်။              

နဒီ