မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သီးသန့်လူနာဆောင် အဆောက်အအုံသစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲကျင်းပ

မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သီးသန့်လူနာဆောင် အဆောက်အအုံသစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲကျင်းပ

မုဒုံ၊ ဒေသဖွံ့ဖြိုးရေး

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သီးသန့်လူနာဆောင် အဆောက်အအုံသစ် လွှဲပြောင်း ပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၄ ရက်တွင် အဆိုပါဆေးရုံ၌ကျင်းပသည်။

အခမ်းအနားတွင် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အဖွင့်အမှာစကားပြောကြားပြီး အဆောက်အအုံအလှူရှင် ဒေါ်ခင်စိန်က အဆောက်အအုံသစ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာဝတ်မှုံက မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်လျက်ရှိသော သီးသန့်လူနာဆောင် အဆောက်အအုံသစ်ဖြစ်မြောက်ရေးအတွက် အလှူရှင်နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော အဖွဲ့အစည်းများကို အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ သီးသန့်လူနာဆောင်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကိုအလှူရှင်က မုဒုံမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်ထံ လွှဲပြောင်းပေးအပ်ပြီး  အလှူရှင်အား  ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ အဆောက်အအုံသစ်ကို  တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အဆိုပါသီးသန့်လူနာဆောင် အဆောက်အအုံသစ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စတင်ဆောက်လုပ်ခဲ့ပြီး RC တစ်ထပ်အလျား ၉၄ ပေ၊ အနံ ၃၃ ပေ၊ အမြင့် ၁၆ ပေရှိ လေးခန်းတွဲအဆောက်အအုံဖြစ်ကာ တန်ဖိုး ငွေကျပ် သိန်း ၁၀၀၀ ကို အလှူရှင်မှ လှူဒါန်းခဲ့ကြောင်း၊  CCTV နှင့် Air-Con တပ်ဆင်ခြင်းကို အလှူရှင်များက ငွေကျပ် ၄၆ သိန်းခုနစ်သောင်းနှင့် အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်း တပ်ဆင်ခြင်းကို နိုင်ငံတော်ဘတ်ဂျက် ငွေကျပ် ၁၀၁ သိန်းငါးသောင်းဖြင့် တပ်ဆင်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)