ကရင်ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

ဘားအံ၊ အားကစား

ကရင်ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  ကရင်ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဇူလိုင် ၁၃ ရက်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

အောင်နိုင်ရေးအလံပေးအပ်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘောလုံးအားကစား နည်းဖြင့် ကရင်ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်သူများဖြစ်ကြစေလိုကြောင်း၊ ကရင်ပြည်နယ်အနေဖြင့်လည်း တိုင်းဒေသကြီး/ပြည်နယ် ပြိုင်ပွဲများတွင် အောင်မြင်မှု အစဉ်အလာကောင်းများရှိခဲ့ပြီး မိမိတို့၏အမြင့်မားဆုံးသော စွမ်းဆောင်ရည်များကိုပြသ၍ ကရင်ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်ဆောင်ကြဉ်းပေးစေလိုကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ထိုက်တန်သော  အားပေးချီးမြှင့် ထောက်ပံ့မှုများ ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တံခွန်စိုက်ဆုဖလားကြီးအား ဇွဲကပင်တောင်၏ အရိပ်အောက်တွင်နားခိုနိုင်အောင် ဂုဏ်ဆောင် ပေးခဲ့ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေး အလံကိုပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အောင်နိုင်ရေး ကော်မတီဝင်များနှင့် ဇော်သက ကုမ္ပဏီတို့က ကရင်ပြည်နယ်အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးအသင်းအား ထောက်ပံ့ ချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကရင်ပြည်နယ် ဘောလုံးအသင်းမှ အုပ်ချုပ်သူ/ နည်းပြ/အားကစားသမားများကို တစ်ဦးချင်းရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေး စကားများ ပြောကြားကြောင်း  သိရသည်။

 စောမျိုးမင်းသိန်း(ပြန်/ဆက်)