၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်   ဇူလိုင်  ၁၅

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့်   ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ  ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပသည်။

အခမ်းအနားသို့  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့်  ဒေါ်အေးနုစိန်၊  Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်    ပြည်နယ်များမှ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများနှင့်  ပိုက်ကျော်ခြင်း အားကစားဝါသနာရှင်များ   တက်ရောက် ကြည့်ရှုအားပေးကြသည်။

ယနေ့တွင် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား သုံးယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကိုလည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲတွင်  ဧရာဝတီတိုင်းဒေသကြီး အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်း ကို လည်းကောင်း ယှဉ်ပြိုင်အနိုင် ရရှိခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင်   ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ အမျိုးသားနှစ် ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မန္တလေးတိုင်း ဒေသကြီးအသင်းနှင့် တတိယဆုရရှိခဲ့သည့်   ရန်ကုန်တိုင်းဒေသကြီး အသင်းတို့အား တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်ကလည်း

ကောင်း၊ ပထမဆုရရှိခဲ့သည့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းအား ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က လည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မွန်ပြည် နယ်အသင်းနှင့်   တတိယဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာသက်သက်ခိုင်က လည်းကောင်း၊ ပထမဆုရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အသင်းအား  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမင်းသိန်းဇံက လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။